အမေရိကန်ကုန်သွယ်ရေးဌာနက ရုရှားဆိုက်ဘာလုံခြုံရေးကုမ္ပဏီ ကတ်စပါစကီး လပ်ဘ် အပေါ် တရားဥပဒေအရ ကြပ်မတ်ဆောင်ရွက်ဖို့ ချိန်ဆနေကြောင်း ဝေါလ်စထရိ ဂျာနယ်က ဒီကိစ္စနဲ့ အကျွမ်းတဝင်ရှိသူကို ကိုးကားပြီး ဧပြီ ၇ ရက်မှာ သတင်းဖော်ပြခဲ့ပါတယ်။
သမ္မတဂျိုးဘိုင်ဒင် အစိုးရအဖွဲ့က ဒီကုမ္ပဏီအပေါ်မှာ နိုင်ငံရဲ့ အွန်လိုင်း လုံခြုံရေးဆိုင်ရာ စည်းမျဉ်းတွေအတိုင်း လိုက်နာအောင် ကြိုးပမ်းနေတာဖြစ်ကြောင်း သတင်းထဲမှာ ဖော်ပြထားပါတယ်။
ယူကရိန်းအပေါ် ရုရှားကျူးကျော်ခဲ့ပြီးနောက် ဆိုက်ဘာတိုက်ခိုက်မှုတွေနဲ့ပက်သက်ပြီး ပြီးခဲ့တဲ့ နှစ်အတွင်း စိုးရိမ်မှု တိုးပွားလာတဲ့အတွက် အမေရိကန်အစိုးရက ကတ်စပါစကီး လပ်ဘ် ရဲ့ ဗိုင်းရပ်စ်ရှင်းလင်းရေး ဆော့ဖ်ဝဲအပေါ် အမျိုးသားလုံခြုံရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုအဖြစ် အရှိန်မြင့်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
အမေရိကန် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့အနေနဲ့လည်း ဖက်ဒရယ်အစိုးရရဲ့ ကတ်စပါစကီး ဆော့ဖ်ဝဲ အသုံးပြုမှုကို တားမြစ်ထားပါတယ်။
ဒီသတင်းဖော်ပြချက်အပေါ် အမေရိကန်ကုန်သွယ်ရေးဌာနရဲ့ စက်မှုနဲ့လုံခြုံရေးဆိုင်ရာဗျူရို ကတော့ ဒီကုမ္ပဏီရဲ့ အသေးစိတ်လုပ်ဆောင်နိုင်စွမ်းနဲ့ ပက်သက်ပြီး မှတ်ချက်မပေးနိုင်ကြောင်း တုံ့ပြန်ပါတယ်။
"အမေရိကန်ပြည်သူတွေရဲ့ အထိခိုက်မခံနိုင်တဲ့ အချက်အလက်တွေအပေါ် အကာအကွယ် ပေးနိုင်ဖို့အတွက် လုပ်ပိုင်ခွင့်အာဏာကို အပြည့်အ၀ အသုံးချနိုင်ဖို့အပြင် အဆင့်ဆင့် ပြောင်းလဲ ဖြစ်ပေါ်နေတဲ့ အန္တရာယ်တွေနဲ့လည်း လိုက်လျောညီထွေမှုရှိအောင် ပါတီနှစ်ခုစလုံးက ပါဝင်မယ့် ကွန်ဂရက်လွှတ်တော်နဲ့ပါ လက်တွဲလုပ်ကိုင်သွားဖို့ ကတိပြုတယ်" လို့ ကုန်သွယ်ရေးဌာနက ပြောပါတယ်။
ရိုက်တာသတင်းဌာနက ကတ်စပါစကီး လပ်ဘ် ကုမ္ပဏီအနေနဲ့ မှတ်ချက်ပေးဖို့ တောင်းဆိုရာမှာ ချက်ချင်း တုံ့ပြန်မှုမရှိပါဘူး။
တရုတ်နိုင်ငံအခြေစိုက် တစ်တော့ခ် ကုမ္ပဏီ အပါအဝင် အခြားနိုင်ငံအခြေစိုက် နည်းပညာ ကုမ္ပဏီ တွေဟာ အမျိုးသားလုံခြုံရေးဆိုင်ရာ အန္တရာယ်ဖြစ်လာခဲ့မယ်ဆိုရင် အိမ်ဖြူတော်က ပိတ်ပင် တားဆီးနိုင်မယ့် ဥပဒေအသစ်တရပ်ကို မိတ်ဆက်ခဲ့ပြီးနောက် ကတ်စပါစကီး ဖြစ်ရပ် ထွက်ပေါ် လာခဲ့တာပါ။