close

ရုရှားတရားရုံး

close

July 14, 2022

ရုရှားတရားရုံးက အတိုက်အခံ နိုင်ငံရေးသမား အီလီယာ ယာရှင်ကို ထောင် ၂ လချ

ရုရှားမြို့တော် မော်စကိုမှာရှိတဲ့ တရားရုံးက အတိုက်အခံ နိုင်ငံရေးသမား အီလီယာ ယာရှင်ကို ရုရှားစစ်တပ်နဲ့ ပတ်သက်တဲ့ သတင်းအတုတွေ ဖြန့်ဝေမှုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ ဆိုင်းငံ့ထားပြီး ထောင်ထဲမှာ ၂ လ ထိန်းသိမ်းထားဖို့ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ 

ဒီစွဲချက်ဟာ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၁၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။ စက်တင်ဘာ ၁၂ ရက်အထိ ထောင်ထဲမှာ ထိန်းသိမ်းထားဖို့ ပြည်နယ်အစိုးရရှေ့နေတွေရဲ့ တောင်းဆိုမှုကို တရားသူကြီးက သဘောတူပြီးတဲ့နောက် ယာရှင်က တရားရုံးမှာ “ရုရှား လွတ်လပ်လိမ့်မယ်!” လို့ ကြွေးကြော်ခဲ့ပါတယ်။

ရုရှားဟာ ဖေဖော်ဝါရီ ၂၄ ရက်မှာ သူ့စစ်တပ်ကို ယူကရိန်းနိုင်ငံဆီ အထူးစစ်ဆင်ရေးအတွက်လို့ ကြေညာပြီး စေလွှတ်ခဲ့ပါတယ်။ အဲဒီနောက် တရားဝင်မဟုတ်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားတဲ့ ဒါမှမဟုတ် စစ်တပ်ဂုဏ်သိက္ခာကို ထိခိုက်စေမယ့် လူထုထုတ်ပြန်ချက် မှန်သမျှကို တားမြစ်တဲ့ ဥပဒေသစ်ကို ပြဋ္ဌာန်းခဲ့ပါတယ်။

ရုရှားရဲ့လုပ်ရပ်ဟာ လွတ်လပ်စွာ ပြောဆိုခွင့်ကို ထပ်ပြီး နှိမ်နင်းတဲ့လုပ်ရပ်လို့  အနောက်နိုင်ငံတွေက ဝေဖန်ရှုတ်ချခဲ့ပါတယ်။

ဥပဒေသစ်အောက်မှာ ပထမဆုံးအနေနဲ့ မော်စကိုမြို့ ကောင်စီဝင်တယောက် အရင်အပတ်က ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ်စီရင်ခံခဲ့ရပါတယ်။

သူ့ကိုမထိန်းသိမ်းခင် ရက်ပိုင်းအတွင်းမှာ ရုရှားအစိုးရကို ဝေဖန်သူ အလက်ဇီ နာဗယ်ညီနဲ့ မော်စကိုမြို့တော်ရဲ့ ခရက်စ်နိုဆယ်လ်စကီခရိုင် ကောင်စီဝင်တို့က ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ရုရှားအစိုးရရဲ့ ယူကရိန်းအပေါ် လုပ်ရပ်တွေကို ပြတ်ပြတ်သားသား ဝေဖန်ခဲ့တာကြောင့် အဖမ်းခံရမယ်ဆိုပြီး ခြိမ်းခြောက်ခံနေရပေမဲ့ ရုရှားနိုင်ငံထဲမှာပဲ ဆက်နေမယ်လို့ ကတိပြုခဲ့ကြပါတယ်။

ယာရှင်ရဲ့အမှုဟာ ယူကရိန်းမြို့တော် ကိယက်ဗ်နားက ဘူချာမြို့မှာ ရုရှားရဲ့လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ယာရှင်ရဲ့ ယူကျုချန်နယ်မှာ တင်ခဲ့တဲ့ ရုပ်သံအတွင်း သူပြောခဲ့တဲ့ စကားတွေကြောင့် စွဲဆိုခံရတာလို့ ယာရှင်ရဲ့ရှေ့နေ ဗာဒင်းမ် ပရိုခိုရို့ဗ်က ပြောပါတယ်။

ယူကရိန်းပဋိပက္ခ စကတည်းက ရုရှားဟာ သဘောထားကွဲလွဲမှု ပုံစံအားလုံးနီးပါးကို ချေမှုန်းဖို့ လှုပ်ရှားခဲ့ပြီး အတိုက်အခံပုဂ္ဂိုလ် အများစုဟာလည်း ထောင်ကျခံ ဒါမှမဟုတ် ပြည်နှင်ဒဏ် ခံနေရပါတယ်။

2 mins Ago

March 22, 2022

ဖေ့စ်ဘွတ်ခ် Meta ကုမ္ပဏီကို အစွန်းရောက်အဖွဲ့အစည်းအဖြစ် ရုရှားတရားရုံး သတ်မှတ်

ဖေ့စ်ဘွတ်ခ် နဲ့ အင်စတာဂမ် ဆိုဒ်တွေကို ရုရှားပြည်တွင်းမှာ ပိတ်ပင်တားမြစ်ကြောင်း ရုရှားတရားရုံးတခုက ဆုံးဖြတ်လိုက်ပါတယ်။ 

ဖေ့စ်ဘွတ်ခ်ရဲ့ပိုင်ရှင် Meta Platforms ကုမ္ပဏီက အစွန်းရောက် သွေးထိုးလှုံ့ဆော်မှုတွေ လုပ်နေတယ်လို့ ရုရှားအစိုးရက စွပ်စွဲခဲ့ပြီးနောက် တရားရုံးက မတ်လ ၂၁ ရက်နေ့မှာ ဆုံးဖြတ်လိုက်တာပါ။

ရုရှားနိုင်ငံရဲ့ မီဒီယာသတင်းတွေ ဖေ့စ်ဘွတ်ခ်မှာ မတင်နိုင်အောင် တားမြစ်ထားပါတယ်။ Meta ကုမ္ပဏီက ရုရှားတပ်တွေ ကျူးကျော်မှုနဲ့ အကြမ်းဖက်မှုတွေနဲ့ သက်ဆိုင်တဲ့ သတင်းတွေ သူ့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ တင်ခွင့်ပြုတယ်လို့ ကြေညာပြီးနောက် ရုရှားမှာ ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ် စတင်အပိတ်ခံရတာပါ။ 

ရုရှားမှာ တားမြစ်ခံရမှုကို Meta ကုမ္ပဏီက တစုံတရာ ချက်ချင်း မှတ်ချက် မပေးသေးပါဘူး။

4 months Ago
Up