ရုရှား ဂျက်တိုက်လေယာဉ်တွေဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး အန္တရာယ်များတဲ့ မဆင်မခြင်ပုံစံကို ပြုမူခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စတင်က မတ်လ ၁၅ ရက်မှာ ပြောပါတယ်။
ရုရှား Su-27 ဂျက်လေယာဉ်တွေဟာ အမေရိကန်ရဲ့ မောင်းသူမဲ့ဒရုန်းရဲ့ ပန်ကာကို တိုက်ပစ်ခဲ့ပြီး မလည်ပတ်နိုင်အောင် လုပ်ဆောင်ခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။ ယူကရိန်းစစ်ပွဲ စပြီးကတည်းက ဒါမျိုးဖြစ်ရပ်က ပထမဆုံးအကြိမ်ပဲလို့လည်း ဆိုပါတယ်။
အင်္ဂါနေ့က ဘောလ်တစ်ပင်လယ်ရှိ နိုင်ငံတကာ လေပိုင်နက်အတွင်း ပုံမှန်စစ်ဆင်ရေး လုပ်ဆောင်နေတဲ့ မောင်းသူမဲ့ အမေရိကန်ဒရုန်း MQ 9 ပေါ်ကို ရုရှားဂျက်လေယာဉ် ၂ စင်းက လောင်စာဆီတွေ စွန့်ပစ်ခဲ့ပြီး ရုရှားဂျက်တစီးက MQ 9 ဒရုန်းကို ကြားဖြတ်ဝင်ပြီး တိုက်ပစ်ခဲ့တာကြောင့် ပျက်ကျသွားခဲ့တာဖြစ်ကြောင်း လွိုဒ်အော်စတင်က ပြောပါတယ်။
ဒီအန္တရာယ်ရှိတဲ့ အဖြစ်အပျက်ဟာ နိုင်ငံတကာလေပိုင်နက်အတွင်း ရုရှားလေယာဉ်မှူးတွေရဲ့ ရန်လိုပြီး အန္တရာယ်မကင်းတဲ့ ပရော်ဖက်ရှင်နယ်မဆန်စွာ ပြုမူလုပ်ဆောင်ခဲ့တာလို့လည်း ဆိုပါတယ်။
ဒါကြောင့် ဘာအမှားမှ မလုပ်မိဖို့နဲ့ အမေရိကန်ပြည်ထောင်စုဟာ နိုင်ငံတကာဥပဒေက ခွင့်ပြုထားတဲ့ နေရာတိုင်းမှာ ဆက်ပြီး ပျံသန်းနေဦးမှာလို့ ဆိုပါတယ်။
ရုရှားဟာ သူ့ရဲ့စစ်လေယာဉ်တွေကို အန္တရာယ်ကင်းပြီး ပရော်ဖက်ရှင်နယ်ပုံစံနဲ့ ပျံသန်းမောင်းနှင်ဖို့ တာဝန်ရှိကြောင်းလည်း အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စတင်က ပြောသွားပါတယ်။
ရုရှားဘက်က ယူကရိန်းစစ်တပ်ကို နည်းလမ်းပေါင်းစုံနဲ့ စတင်တိုက်ခိုက်နေချိန်မှာ ယူကရိန်းဘက်ကလည်း ရုရှားလုပ် Su-25 ဖိုက်တာဂျက်လေယာဉ်တစင်း အပါအဝင် မောင်းသူမဲ့လေယာဉ် နှစ်စင်းကိုပါ ပစ်ချနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက်မှာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ စစ်ရေးညွှန်ကြားချက်တခုအရ ယူကရိန်းနိုင်ငံပိုင် ကူပြန့်စ်၊ ကရာစနီနဲ့ လိုင်းမန်းမြို့ လမ်းကြောင်းတွေမှာ တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တချိန်တည်းမှာပဲ ဒွန်နက်စ်နဲ့ ဇာပိုရိုစကီးဒေသတွေက အမှတ် ၁၀၂ နယ်မြေကာကွယ်ရေး တပ်မဟာနဲ့ အမှတ် ၇၂ စက်မှုတပ်မဟာတို့ရဲ့ ကွပ်ကဲရေးစခန်းတွေကို ရုရှားစစ်တပ်က ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။
နောက်ထပ်တိုက်ခိုက်မှုအဖြစ် ရုရှားတပ်ဖွဲ့တွေဟာ ခမယ်နိတ်စကီးဒေသက ယူကရိန်းပိုင် ဒရုန်းအခြေစိုက်စခန်းတွေကို တိုက်ခိုက်ခဲ့တဲ့အပြင် ရုရှားဘက်က လေကြောင်းနဲ့ ဒုံးကျည် အမြောက်တပ်ဖွဲ့တွေဟာလည်း ယူကရိန်းအမြောက်တပ် အပါအဝင် တခြားပစ်မှတ်တွေကိုပါ ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့ (AFU) ရဲ့ စစ်ဦးစီးချုပ်ဖြစ်သူက လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဒွန်နက်စ်နဲ့ လူဟန့်စ်ဒေသတွေမှာ ရုရှားရဲ့တိုက်ခိုက်မှုတွေကို ယူကရိန်းစစ်တပ်က တန်ပြန်နိုင်ခဲ့ကြောင်း အတည်ပြု ပြောပါတယ်။
ယူကရိန်းဘက်ကလည်း ဆိုဗီယက်ခေတ်ထုတ် Su-25 ရုရှားတိုက်လေယာဉ် ၁ စင်းအပြင် မောင်းသူမဲ့လေယာဉ် အများအပြားကိုပါ ပစ်ချနိုင်ခဲ့တယ်လို့ အခိုင်အမာ ပြောကြားခဲ့ပြီး ရုရှား လေကြာင်းကာကွယ်ရေး ဒုံးကျည်စနစ် တည်နေရာတွေနဲ့အတူ တခြားပစ်မှတ်တွေကိုပါ ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။