ရုရှားဓာတ်ငွေ့သုံးစွဲမှုကို ၂၀၂၂ နှစ်ကုန်ပိုင်းမှာ ၃ ပုံ ၂ ပုံထိ အစားထိုးနိုင်ဖို့ အစီအစဉ်ကို ဒီလနှောင်းပိုင်းမှာ ဥရောပကော်မရှင်က တင်ပြမယ်လို့ ဥရောပသမဂ္ဂ (အီးယူ)ရဲ့ စွမ်းအင်မူဝါဒ အကြီးအကဲ ကာဒရီ ဆင်မ်ဆွန်က မေ ၃ ရက်မှာ ပြောပါတယ်။
အီးယူဟာ ရုရှားဓာတ်ငွေ့ကို တခြားရွေးစရာတွေနဲ့ အစားထိုးရာမှာ ကူညီဖို့ ဓာတ်ငွေ့ အဓိကဖြန့်ဖြူးသူ အားလုံးနဲ့ ဆက်သွယ်ခဲ့ပြီးပြီလို့ လည်းဆင်မ်ဆွန်က ဥရောပလွှတ်တော်မှာ ပြောပါတယ်။
ဒီအစီအစဉ်ထဲမှာ ဓာတ်ငွေ့သုံးစွဲမှုကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေနဲ့ အစားထိုးဖို့ ဒါမှမဟုတ် စွမ်းအင်ချွေတာတဲ့ နည်းလမ်းတွေကို သုံးဖို့လည်း ပါတယ်လို့ ဆိုပါတယ်။
ရုရှားအပေါ် ခြောက်ကြိမ်မြောက် ဒဏ်ခတ်မယ့် အဆိုပြုကမ်းလှမ်းချက်ကို အီးယူအဖွဲ့ဝင် နိုင်ငံတွေဆီ တင်ပြဖို့ အီးယူအမှုဆောင်အရာရှိတွေက ပြင်ဆင်နေပြီး မေ ၄ ရက်မှာ အီးယူ သံတမန်တွေက သုံးသပ်ဖို့ မျှော်လင့်ထားတယ်လို့လည်း ဆင်မ်ဆွန်က ပြောပါတယ်။
ဒဏ်ခတ်မှုအသစ်ဟာ ရုရှားရဲ့ ရေနံလုပ်ငန်း၊ ပိုများတဲ့ ရုရှားဘဏ်တွေနဲ့ သတင်းမှားတွေအတွက် တာဝန်ရှိသူတွေကို ပစ်မှတ်ထားမယ်လို့ အီးယူရဲ့ ဥရောပကော်မရှင် နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဆက်ဖ် ဘော်ရယ်က တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ ပြောပါတယ်။
အီးယူနိုင်ငံတွေဟာ ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်ချိန်ကစပြီး ခုထိ ရုရှားဓာတ်ငွေ့နဲ့ ရေနံအတွက် ယူရိုငွေ ၄၇ ဘီလီယံကျော် ပေးခဲ့ပြီးပြီလို့ စွမ်းအင်နဲ့ သန့်ရှင်းတဲ့ လေထုသုတေသနဌာနက ဆိုထားပါတယ်။
ရုရှားက ဘူလ်ဂေးရီးယားနဲ့ ပိုလန်ကို ဓာတ်ငွေ့ပို့နေတာတွေ ဖြတ်တောက်လိုက်တဲ့ ဆုံးဖြတ်ချက်အပေါ် ယူကရိန်းသမ္မတ ဇလန်းစကီးက အပြစ်တင်လိုက်ပါတယ်။
ရုရှားဟာ ဓာတ်ငွေ့အပြင် ကုန်သွယ်ရေးကိုလည်း လက်နက်တခုလိုမျိုး အသုံးချပြီး ဥရောပကို အကျပ်ကိုင်နေတယ်လို့ ဧပြီ ၂၇ ရက်ည ဗွီဒီယိုမိန့်ခွန်းမှာ ထည့်သွင်း ပြောကြားသွားတာပါ။
ဘူလ်ဂေးရီးယားနဲ့ ပိုလန်အား ဓာတ်ငွေ့တင်ပို့နေတာကို ရုရှားက ဧပြီ ၂၇ ရက်မှာ ပိတ်ပင်လိုက်ပါတယ်။
ပိုလန်နဲ့ ဘူလ်ဂေးရီးယားတို့ဟာ ဆိုဗီယက်ပြည်ထောင်စုခေတ်က လက်အောက်ခံနိုင်ငံတွေ ဖြစ်ခဲ့ပြီး အီးယူနဲ့ နေတိုးအဖွဲ့ဝင်တွေ ဖြစ်ပါတယ်။
ပိုလန်ဟာ ရုရှားရဲ့ ကျူးကျော်စစ်ကို ပြင်းပြင်းထန်ထန် ဝေဖန်နေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
ဘူလ်ဂေးရီးယားဟာ ရုရှားနဲ့ နှစ်ပေါင်းများစွာ နွေးထွေးတဲ့ဆက်ဆံရေး ရှိခဲ့ပေမဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကတိနဲ့ အာဏာရလာတဲ့ လက်ရှိဝန်ကြီးချုပ် ကားရေး ပက်ကော့ဗ်ဟာ ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ်ကို လူသိရှင်ကြား ဝေဖန်သူ ဖြစ်ပါတယ်။