အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ရုရှားအခြေစိုက်ရာဇဝတ်သားတွေကနေ Ransomware ကို အသုံးပြုပြီး အမေရိကန်ပြည်ထောင်စုရဲ့ ဆာဗာတွေကို တိုက်ခိုက်မှုတွေရဲ့ အကျိုးဆက်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောဆို သတိပေးလိုက်တယ်လို့ အိမ်ဖြူတော်က ဇူလိုင် ၉ ရက်က ပြောပါတယ်။
အမေရိကန်နဲ့ ကမ္ဘာတဝန်းရှိ တခြားနိုင်ငံတွေအပေါ် အကျိုးသက်ရောက်စေတဲ့ ဆိုက်ဘာတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ရုရှားအစိုးရအနေနဲ့ ရုရှားအခြေစိုက်ရာဇ၀တ်သားတွေကို အရေးယူဖို့ လိုအပ်တယ်လို့လည်း ဖိအားပေးပြောထားတယ်လို့ ဆိုပါတယ်။
ဒီစစ်ဆင်ရေးကို အစိုးရက ကြီးကြပ်လုပ်ဆောင်နေတာ မဟုတ်ရင်တောင်မှ ရုရှားကနေလာတဲ့ ransomware တိုက်ခိုက်မှု ရောက်ရှိလာပြီဆိုတာနဲ့ ဒါကိုလုပ်ဆောင်နေတာ ဘယ်သူဘယ်ဝါဆိုတဲ့ လုံလောက်တဲ့အချက်အလက်ကို အမေရိကန်က ရုရှားကို ပေးလိုက်တဲ့အခါမှာ ရုရှားဘက်က ဒါကို အရေးယူပေးဖို့ မျှော်လင့်တဲ့အကြောင်း ပူတင်ကို ရှင်းရှင်းလင်းလင်း ပြောဆိုထားတယ်လို့ သမ္မတဘိုင်ဒန်က သတင်းထောက်တွေကို ပြောပါတယ်။
နောက်လမှာ ဆိုက်ဘာအရေးကိစ္စ ရုရှား - အမေရိကန်ပူးတွဲကော်မတီ အစည်းအဝေးတရပ် ပြုလုပ်ဖို့ မျှော်လင့်ထားကြောင်းလည်း ဘိုင်ဒန်က ပြောကြားခဲ့ပါတယ်။
ဆိုက်ဘာဟက်ကာတွေဟာ ထောင်နဲ့ချီတဲ့ အမေရိကန် အဖွဲ့အစည်းတွေကို လုပ်ငန်း နှောင့်နှေးချည့်နဲ့စေဖို့ လုပ်ဆောင်ခဲ့ပြီး မေလတုန်းက ရုရှားကနေ လုပ်တယ်လို့ စွပ်စွဲထားတဲ့ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ကိုလိုနီပိုက်လိုင်း လုပ်ငန်းလည်ပတ်မှုကို တိုက်ခိုက်ခဲ့တာကြောင့် လောင်စာဆီရှားပါးမှု၊ အရှေ့ကမ်းရိုးတန်းမှာ လောင်စာဆီဈေးတွေမြင့်တက်မှုနဲ့ အထိတ်တလန့် ဝယ်ယူမှုတွေ ကြုံခဲ့ရပါသေးတယ်။
Ransomware တိုက်ခိုက်မှု ဆိုတာဟာ ဆိုက်ဘာ ရာဇဝတ်ကောင်တွေဟာ အန္တရာယ်ရှိတဲ့ အီးမေးလ်မက်ဆေ့ချ်တွေ၊ လင့်တွေ ပေးပို့ပြီး ကွန်ပျူတာထဲ ထိုးဖောက် ဝင်ရောက်ပြီးနောက်မှာ ကွန်ပျူတာထဲက ဒေတာအချက်အလက်တွေကို ထိန်းချုပ်ထားပြီးတော့ ကွန်ပျူတာအလုပ် ပြန်လုပ်ချင်ရင် အဲ့ဒီအတွက် ငွေပေးဖို့ ငွေညှစ်တောင်းခံဖို့ ဟက်ကာတွေအသုံးပြုတဲ့ ဆော့ဝဲ အမျိုးအစားတွေ ဖြစ်ပါတယ်။