ယူကရိန်းအပေါ် ကျူးကျော်ဝင်ရောက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ ရုရှားရဲ့ ရေနံနဲ့ တခြားစွမ်းအင် တင်ပို့ကုန်အားလုံးကို ပိတ်ပင်သွားမယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ကြေညာလိုက်ပါတယ်။
အခုပိတ်ပင်မှုကြောင့် အမေရိကန်စွမ်းအင်ဈေးတက်ဖို့ရှိနေပေမဲ့ လွှတ်တော်မှာ ပါတီနှစ်ခုစလုံးရဲ့ ထောက်ခံမှုအခိုင်အမာ ရရှိထားတယ်လို့ ပြောပါတယ်။
“ရုရှားရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တင်ပို့မှုအားလုံး ပိတ်ပစ်တော့မှာဖြစ်ပြီး၊ အမေရိကန် ဆိပ်ကမ်းမှာ ရုရှားပစ္စည်း ဘာဆို ဘာမှကို လက်မခံကြောင်း ဒါဟာ အမေရိကန်ပြည်သူတွေက ပူတင်ရဲ့ စစ်ယန္တရားကို နောက်ထပ် အင်အားပြည့် ထိုးနှက်လိုက်တာဖြစ်ကြောင်း ဘိုင်ဒင်က ပြောပါတယ်။
မတ်လ ၈ ရက် ဂရင်းနစ်စံတော်ချိန် ၁၂ နာရီခွဲက ကမ္ဘာ့ရေနံစိမ်းဈေးကွက်မှာ တစည်ကို ၁၂၉ ဒသမ ၉၁ ဒေါ်လာ အထိ တက်သွားပါတယ်။
ဘိုင်ဒင်က အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုက ရုရှားစီးပွားရေး ချောက်ထဲကျသွားစေမယ်လို့ ပြောပါတယ်။ ဗြိတိန်က ဒီနှစ်ကုန်မှာ ရုရှားရေနံတင်ပို့မှု လုံးဝရပ်ပစ်မှာဖြစ်ပြီး၊ ဥရောပက လက်ရှိ ရုရှားတင်ပို့မှု သုံးပုံနှစ်ပုံ ရပ်ထားပါတယ်။