ရုရှားပြည်ပတင်ပို့ကုန်ဈေးကွက်အတွက် သူ့ရဲ့ နှစ်စဉ်ကျင်းပနေကျ MAKS လေကြောင်းပြပွဲမှာ ဆူခွိုင်ပဉ္စမမြောက်မျိုးဆက် တိုက်လေယာဉ် ပုံစံငယ်ကို ဇူလိုင် ၂၀ ရက်က ထုတ်ဖော်ပြသလိုက်ပြီး ရုရှ သမ္မတ ဗလာဒီမီယာပူတင်က လာရောက်စစ်ဆေး ကြည့်ရှုပါတယ်။
"Checkmate" လို့ နာမည်ပေးထားတဲ့ စီမံကိန်းက ထုတ်တဲ့ စစ်လေယာဉ်ဟာ အမေရိကန်ရဲ့ F-35 ကိုယ်ပျောက် Stealth တိုက်လေယာဉ်တွေနဲ့ ပြိုင်ဘက် ဖြစ်ပုံရတယ်လို့ Aviaport အကဲဖြတ် အေဂျင်စီရဲ့ အကြီးအကဲ အိုလက်ခ် ပန်တေလေယဲ့ဗ်က ပြောပါတယ်။
စစ်လေယာဉ်ဟာ ၂၀၂၃ ခုနှစ်မှာ ပထမဆုံး စတင်ပျံသန်းနိုင်မယ်လို့ မျှော်လင့်ရပြီး ပထမ အသုတ်ကိုတော့ ၂၀၂၆ မှာ ထုတ်လုပ်ပြီးစီးမယ်လို့ သရုပ်ပြချိန် ပြောဆိုချက်ကို ကိုးကားပြီး အင်တာဖက်စ် သတင်းဌာနက ဖော်ပြပါတယ်။
ရုရှားအစိုးရ လေကြောင်း အာကာသနဲ့ကာကွယ်ရေးလုပ်ငန်းစုံ လုပ်ငန်းကြီး ရိုစတက်က ဒီလေယာဉ်ဟာ ထောက်လှမ်းရ ခက်ခဲပြီး လုပ်ငန်းလည်ပတ်စရိတ်လည်း သက်သာလိမ့်မယ်လို့ ပြောပါတယ်။
ရုရှားဟာ လတ်တလော နှစ်တွေမှာ လက်နက်စနစ်သစ်တွေရဲ့ ပုံစံငယ်တွေကို အောင်အောင်မြင်မြင် ထုတ်လုပ်ခဲ့ပေမဲ့ အစဉ်လိုက် ထုတ်လုပ်နိုင်ဖို့ တခါတရံ ရုန်းကန် လှုပ်ရှားရလေ့ ရှိပါတယ်။
ရုရှားရဲ့ လက်နက်အသစ်တွေ အများအပြားဟာ စစ်အေးကာလ ဆိုဗီယက်ခေတ် နည်းပညာ တွေကို အခြေခံထားဆဲပဲလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။