ယူကရိန်းရှေ့တန်းကနေ မိုင်ရာချီဝေးတဲ့ ရုရှားလေတပ်အခြေစိုက်စခန်းနှစ်ခုကို ယူကရိန်း မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှုအတွင်း ရုရှားစစ်ဘက်ဝန်ထမ်းသုံးယောက် သေဆုံးခဲ့တယ်လို့ ရုရှားက ဒီဇင်ဘာ ၅ ရက်မှာ ပြောလိုက်ပါတယ်။
ဒီတိုက်ခိုက်မှုတွေဟာ ဖေဖော်ဝါရီ ၂၄ ရက်ကစတဲ့ ယူကရိန်းစစ်ပွဲအတွင်း ရုရှားဗဟိုချက်နယ်မြေထဲမှာလုပ်တဲ့ အနက်ရှိုင်းဆုံး စစ်ရေးတိုက်ခိုက်မှုတွေ ဖြစ်လာပါတယ်။
ပစ်မှတ်တွေထဲက တခုဖြစ်တဲ့ စာရာတော့ဗ်မြို့နားက အန်ဂျယ်စ် လေတပ်စခန်းထဲမှာ ရုရှားရဲ့ မဟာဗျူဟာမြောက် နျူးကလီးယားတပ်ဖွဲ့ အစိတ်အပိုင်းဖြစ်တဲ့ ဗုံးကြဲလေယာဉ်တွေကို ထားပါတယ်။
ရုရှားနိုင်ငံထုတ် တာဝေးပစ်လေယာဉ်တွေကို မလှုပ်ရှားနိုင်အောင်လုပ်ဖို့ ယူကရိန်းအစိုးရဟာ ရီယာဇန်ဒေသက ဒီယာဂီလေဗို စစ်ဘက်လေယာဉ်ကွင်းနဲ့ ဆာရာတော့ဗ်ဒေသထဲက အန်ဂျယ်လ်စ် စစ်ဘက်လေယာဉ်ကွင်းတွေမှာ ဆိုဗီယက်လုပ်မောင်းသူမဲ့ ဂျက်လေယာဉ်တွေနဲ့ တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ခပ်နိမ့်နိမ့်ပျံသန်းနေတဲ့ မောင်းသူမဲ့လေယာဉ်တွေကို လေကြောင်းရန်ကာကွယ်ရေး အဖွဲ့တွေက ကြားဖြတ်ပြီး ပစ်ချခဲ့တာလို့လည်း ဆိုပါတယ်။
လေယာဉ်ပျက်ကျလို့ ရုရှားလေယာဉ်နှစ်စင်း အနည်းငယ် ထိခိုက်ပျက်စီးခဲ့ပြီး လူလေးဦး ဒဏ်ရာရခဲ့ပါတယ်။
ဒီလုပ်ရပ်ဟာ ရုရှားရဲ့ တာဝေးပစ်လေကြောင်းကို နှောင့်ယှက်ဖို့ ရည်ရွယ်တဲ့ အကြမ်းဖက် လုပ်ရပ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ခေါ်ဝေါ် သုံးနှုံးခဲ့ပါတယ်။