ယူကရိန်း အဆင့်မြင့်ပိုင်းအရာရှိတွေဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဖမ်းဝရမ်းထုတ်တဲ့ အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး (အိုင်စီစီ) ရဲ့ဆုံးဖြတ်ချက်ကို မတ်၁၇ ရက် သောကြာနေ့က ချီးကျူးခဲ့ကြပါတယ်။
ရုရှားနိုင်ငံ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မရှင်နာ Maria Lvova-Belova ကိုလည်း အလားတူ စွဲချက်တွေနဲ့ တရားရုံးက ဝရမ်းထုတ်ထားပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ ယူကရိန်းနဲ့ နိုင်ငံတကာဥပဒေ စနစ်တခုလုံးအတွက် သမိုင်းဝင်ပါပဲလို့ ယူကရိန်းအစိုးရရှေ့နေချုပ် Andriy Kostin က ချီးကျူး ဂုဏ်ပြုခဲ့ပါတယ်။
“နိုင်ငံတကာ ရာဇ၀တ်ခုံရုံးရဲ့ ဒီနေ့ ဆုံးဖြတ်ချက်ဟာ ပူတင်နဲ့ သူ့ရဲ့အပေါင်းပါတွေအပြင် ယူကရိန်းမြေပေါ်မှာ စစ်ရာဇ၀တ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ရန်စမှုတွေကို ကျူးလွန်ရာမှာ ပါဝင်ခဲ့သူအားလုံးကို တာဝန်ရှိစေမယ့် လုပ်ငန်းစဉ်အတွက် မိတ်ဆက်အခြေအနေလောက်သာ ရှိပါသေးတယ်။ သူတို့ကို တရားမျှတမှု ပေးလိမ့်မယ်လို့ လေးလေးနက်နက် ယုံကြည်ပါတယ်” လို့ Kostin က ပြောပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇီလန်စကီးရဲ့ အကြံပေးပုဂ္ဂိုလ် မိုက်ခေးလို ပိုဒိုလ်ယခ်က အခုဆုံးဖြတ်ချက်ဟာ ပထမဆုံးဖြစ်တယ်လို့လည်း ဆိုပါတယ်။
"ပူတင်ဟာ အထွတ်အမြတ်လည်း မဟုတ်တော့ဘူး၊ ပူတင်ကို ကြောက်စရာလည်း မရှိတော့ဘဲ ယူကရိန်းအပေါ် ရုရှားက ရန်စမှုတွေအတွက် ဒီထက်ပိုပြီး အလားတူ တရားရေးဆောင်ရွက်ချက်တွေကို မျှော်လင့်နိုင်ပါပြီ။"
သမ္မတ ပူတင်ဟာ အိုင်စီစီရဲ့ ဖမ်းဝရမ်းထုတ်ခံရတဲ့ တတိယမြောက်ပုဂ္ဂိုလ် ဖြစ်ပြီး သူ့အရင် ဆူဒန်က အိုမာ အလ် ဘာရှားနဲ့ လစ်ဗျားခေါင်းဆောင် မွမ်မာ ကဒါဖီ တို့လည်း ဖမ်းဝရမ်း ထုတ်ခံခဲ့ရပါတယ်။
ရုရှားစစ်သားတွေဟာ ကလေးတွေကို သူတို့ချစ်ရသူတွေ မုဒိမ်းကျင့်ခံနေရတာကို ကြည့်ရှုခိုင်းထားကြောင်း ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တခုရဲ့ အခုသီတင်းပတ်မှာ ဖော်ပြထားတဲ့ အစီရင်ခံချက် အပါအဝင် ရုရှားနိုင်ငံဟာ အိမ်နီးချင်း ယူကရိန်းကို တနှစ်ကျော်ကြာ ကျူးကျော်စစ်ပြုချိန်အတွင်း သူ့တပ်ဖွဲ့ဝင်တွေဟာ ချိုးဖောက်မှုများစွာနဲ့ စွပ်စွဲခံထားရပါတယ်။
ယူကရိန်းနိုင်ငံဆီ အမေရိကန်ပြည်ထောင်စုက စစ်ရေးအကူအညီတွေ မကြာခင်ပေးမယ့် အစီအစဉ်ထဲမှာ ပါလာမယ်လို့ အစီရင်ခံထားတဲ့ တာဝေးပစ်ဒုံးကျည်တွေဟာ ပဋိပက္ခကို အရှိန်တိုးစေနိုင်ပေမဲ့ သူ့လမ်းကြောင်းကို ပြောင်းလဲမှာမဟုတ်ဘူးလို့ ရုရှားသမ္မတနန်းတော် ကရင်မလင်က ဖေဖော်ဝါရီ ၁ ရက်မှာ ပြောလိုက်ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ် မရှိဘူးလို့လည်း ကရင်မလင်ပြောခွင့်ရ ဒီမီထရီ ပက်စကော့ဗ်က သတင်းထောက်တွေကို ပြောပါတယ်။
အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ တန်ဖိုးရှိတဲ့ အမေရိကန် စစ်ဘက်ဆိုင်ရာ အကူအညီတွေထဲမှာ တာဝေးပစ်ဒုံးကျည်တွေ ပထမဆုံးအကြိမ် ပါလာမယ်လို့ မျှော်လင့်ရတဲ့အကြောင်း အဲဒီကိစ္စနဲ့ပတ်သက်တဲ့ အမေရိကန်အရာရှိနှစ်ဦးက အင်္ဂါနေ့မှာ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ရုရှားက သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ် အပါအဝင် သူ့ပိုင်နက်အားလုံးကို အင်အားနဲ့ ပြန်သိမ်းယူဖို့ စီစဉ်ထားတယ်လို့ ပြောထားတဲ့ ယူကရိန်းအစိုးရဟာ ဒီဒုံးကျည်တွေနဲ့ ရုရှားက ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်း ပိုနက်နက်ရှိုင်းရှိုင်း ဝင်ရောက်တိုက်ခိုက်နိုင်စေမှာပါ။
ပူတင်ဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းဆီ သောင်းနဲ့ချီတဲ့ ရုရှားတပ်တွေကို စေလွှတ်ခဲ့ပါတယ်။
ရုရှားရဲ့ ကိုယ်ပိုင်လုံခြုံရေးကို ကာကွယ်ဖို့နဲ့ ရုရှားအစိုးရကို ထိန်းချုပ်နိုင်ရေး၊ ရုရှားအားနည်းလာအောင် အနောက်နိုင်ငံတွေရဲ့ ကြိုးပမ်းမှုကြားကနေ ရပ်တည်နိုင်ရေး အတွက် စစ်ဆင်ရေးလုပ်ဖို့ လိုအပ်တယ်လို့လည်း ရုရှားက ပြောပါတယ်။
ယူကရိန်းနဲ့ အနောက်နိုင်ငံတွေက ရုရှားဟာ သူ့ရဲ့ နယ်မြေချဲ့ထွင်ဖို့ ရည်ရွယ်ပြီး တရားမဝင်စစ် ဆင်နွှဲနေတယ်လို့ စွပ်စွဲထားပါတယ်။
ရုရှားဟာ အမေရိကန်နဲ့ ရုရှားကြား နောက်ဆုံးလက်ကျန် နျူးကလီးယား သဘောတူစာချုပ်ကို ထိန်းသိမ်းထားချင်တယ်လို့ ရုရှားသမ္မတနန်းတော် ပြောခွင့်ရ ပဲ့စ်ကို့ဗ်က ပြောပါတယ်။
ရုရှားဟာ သူ့ပိုင်နက်နယ်မြေအတွင်း စစ်ဆေးခွင့်မပြုဘဲ ငြင်းဆန်ပြီး New START စာချုပ်ကို ချိုးဖောက်တယ်လို့ အမေရိကန်က အင်္ဂါနေ့က စွပ်စွဲခဲ့ပါတယ်။