close

ရုရှားသူကြွယ်

close

May 6, 2022

ရုရှားသူကြွယ်ပိုင်သည့် ဒေါ်လာ သန်း ၃၀၀ တန် ဇိမ်ခံသင်္ဘောကို ဖီဂျီအာဏာပိုင်များ သိမ်းဆည်း

ဖီဂျီနိုင်ငံ အာဏာပိုင်တွေဟာ ရုရှားနိုင်ငံမှာ နိုင်ငံရေးဩဇာကြီးတဲ့ သူကြွယ်ကြီး ဆူလေမန် ခေရီမော့ဗ်ပိုင်တဲ့ ဒေါ်လာ သန်း ၃၀၀ တန် ဇိမ်ခံသင်္ဘောကို အမေရိကန်ရဲ့ မေတ္တာရပ်ခံချက်အရ သိမ်းဆည်းလိုက်တယ်လို့ အမေရိကန် တရားရေးဝန်ကြီးဌာနက မေ ၅ ရက်မှာ ပြောလိုက်ပါတယ်။

ယူကရိန်းကို ရုရှားက ကျူးကျော်တဲ့အတွက် ရုရှားကို အမေရိကန်နဲ့ မဟာမိတ်တွေက ဝိုင်းဖိအားပေးနေတာပါ။

ဖီဂျီကိုရောက်လာတဲ့ ဇိမ်ခံသင်္ဘော အာမာဒီယာကို ရဲတွေက ဖမ်းဆီးပြီးတဲ့နောက် အမေရိကန်ဟာ ရုရှားနိုင်ငံသားပိုင်သင်္ဘောကို သိမ်းဆည်းနိုင်တယ်လို့ ဖီဂျီတရားရုံးက မေ ၃ ရက်မှာ ဆုံးဖြတ်ခဲ့တာပါ။

ဇိမ်ခံသင်္ဘော အာမာဒီယာဟာ မက္ကဆီကိုနိုင်ငံကနေ ပစိဖိတ်သမုဒ္ဒရာကို ၁၈ ရက်ကြာ ရေကြောင်းခရီးနဲ့ ဖြတ်ကူးလာပြီး ဖီဂျီနိုင်ငံဆီကို အရင်လက ရောက်လာတာပါ။

ဆီးရီးယားနဲ့ ယူကရိန်းအပေါ် ရုရှားရဲ့လုပ်ရပ်ကို တုံ့ပြန်တဲ့အနေနဲ့ ၂၀၁၄ နဲ့ ၂၀၁၈ ခုနှစ်တွေမှာ ခေရီမော့ဗ် ဒဏ်ခတ်ခံခဲ့ရဖူးသလို ဥရောပသမဂ္ဂကလည်း သူ့ကို ဒဏ်ခတ်ခဲ့ဖူးပါတယ်။

ခေရီမော့ဗ်ဟာ ခရိုင်းမီးယားကျွန်းဆွယ်ကို သိမ်းပိုက်မှု အပါအဝင် ကမ္ဘာတဝန်းက လုပ်ရပ်တွေ၊ အဂတိလိုက်စားမှုတွေကတဆင့် ရုရှားအစိုးရဆီက အကျိုးအမြတ်တွေ ရနေတဲ့ ရုရှ နိုင်ငံရေးဩဇာရှင် သူကြွယ်ကြီးများ အုပ်စုထဲက အုပ်စုဝင်တယောက်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန နိုင်ငံခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံးက သတ်မှတ်ထားပါတယ်။

ယူကရိန်းအပေါ် ရုရှားကျူးကျော်မှုကို တုံ့ပြန်တဲ့အနေနဲ့ နိုင်ငံအတော်များများက အာဏာပိုင်တွေက ရုရှား ကုဋေကြွယ်သူဌေးကြီးတွေ ပိုင်တဲ့ ဇိမ်ခံယာဉ်တွေနဲ့ ခြံကျယ် အိမ်ကြီးရခိုင်တွေကို သိမ်းယူနေကြပါတယ်။

46 mins Ago
Up