ယူကရိန်း ပြည်သူတွေဟာ ယဉ်ကျေးတဲ့ ကမ္ဘာရဲ့ အစိတ်အပိုင်းဖြစ်လိုကြပြီး ရုရှားအင်ပါယာ အောက်ထဲကို မဝင်လိုကြဘူးလို့ ယူကရိန်းဝန်ကြီးချုပ် ဒန်နီစ် ရှမ်မဟာ က ဧပြီ ၂၂ ရက်နေ့မှာ ပြောပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ ရောက်နေတဲ့ ယူကရိန်းဝန်ကြီးချုပ်ဟာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်နဲ့ ဝါရှင်တန်မှာ တွေ့ဆုံစဉ်မှာ အခုလို ပြောလိုက်တာပါ။
အမေရိကန်ဘက်ကလည်း ယူကရိန်းကို လက်နက်နဲ့ စီးပွားရေး အကူအညီတွေ ပေးမယ်လို့ ထပ်လောင်း ကတိပြုခဲ့ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က “ကျနော်တို့ဘက်က ယူကရိန်းကို ဆက်ပြီး ကူညီပေးသွား မယ်ဆိုတာ ဝန်ကြီးချုပ်ကို သိစေချင်ပါတယ်။ ယူကရိန်းရဲ့ လွတ်လပ်ရေးတိုက်ပွဲ၊ အချုပ်အခြာ အာဏာအတွက် တိုက်ပွဲဟာ အောင်မြင်စေရပါမယ်” လို့ ပြောပါတယ်။
ရုရှားဘက်တော့ ယူကရိန်းတောင်ပိုင်းဒေသကို အပြည့်အ၀ ထိန်းချုပ်လိုတယ်လို့ ရုရှား ဗိုလ်ချုပ်တယောက်က ဧပြီ ၂၂ ရက်နေ့မှာ ပြောပါတယ်။
ရုရှားဟာ အရင်က ယူကရိန်းမြေကို သိမ်းပိုက်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ပြောခဲ့ပေမယ့် အခုတော့ တောင်ပိုင်းဒေသကို လိုချင်တယ်လို့ ပေါ်ပေါ်တင်တင် ထုတ်ပြောလာတာပါ။
ရုရှားစစ်တပ် အလယ်ပိုင်းစစ်တိုင်းရဲ့ ဒုတိယအကြီးဆုံးဖြစ်တဲ့ ဗိုလ်ချုပ် ရူစတမ်း Rustam Minnekayev ရဲ့ ပြောဆိုချက်ကို ရုရှားနိုင်ငံပိုင် သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။
ဒီအတောအတွင်း ယူကရိန်းဝန်ကြီးချုပ်နဲ့ အကြီးတန်းအရာရှိတွေပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ဟာ ဝါရှင်တန်မှာ ရောက်နေပြီ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်တို့နဲ့ တွေ့ဆုံကာ ယူကရိန်းအတွက် ငွေကြေး အကူအညီရရှိရေး ကြိုးပမ်းနေပါတယ်။
စစ်ဘေးသင့်နေတဲ့ ယူကရိန်းနိုင်ငံအတွက် နိုင်ငံတကာငွေကြေး အကူအညီတွေ ရရှိမှပဲ တိုင်းပြည်စီးပွားရေး တည်ငြိမ်ပြီး လူသားချင်းစာနာမှု အကူအညီတွေနဲ့ တခြား လူမှုရေး လုပ်ငန်းတွေကို ဆောင်ရွက်နိုင်မယ်လို့ ယူကရိန်းဝန်ကြီးချုပ်က ပြောပါတယ်။