close

ရုံးချိန်းရွှေ့ဆိုင်း

close

February 25, 2022

လိုပြသက်သေများမလာသဖြင့် အတိုင်ပင်ခံနှင့်သမ္မတတို့အမှု ရုံးချိန်းရွှေ့ဆိုင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ကို စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိအမှုတွေနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၅ ရက်နေ့က ရုံးချိန်းခေါ်ထားပေမယ့် လိုပြသက်သေ တွေမလာတဲ့အတွက် ရုံးချိန်းရက်ရွှေ့ဆိုင်းခဲ့ရတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။

နေပြည်တော်၊ ဇမ္ဗူသီရိအထူးတရားရုံးမှာ ပြုလုပ်ခဲ့တဲ့ ဒီနေ့ရုံးချိန်းမှာ လိုပြသက်သေအဖြစ်ထွက်ဆိုမယ့် ဒေါက်တာပွင့်သန္တာကျော်နဲ့ ဦးအောင်မျိုးတို့ကို တရားရုံးက အမှုနံပါတ် ၃၊ ၄၊ ၅ နဲ့ ၂၅ တို့အတွက် ဆင့်ခေါ်ထားပေမယ့် ရောက်မလာခဲ့ကြတာလို့ ဆိုပါတယ်။

လိုပြသက်သေတွေရောက်မလာတဲ့အတွက် အဂတိအမှုတွေအတွက် ရုံးချိန်းကို လာမယ့်ဖေဖော်ဝါရီ ၂၈ ရက်နေ့ကို တရားရုံးက ရွှေ့ဆိုင်းလိုက်ပါတယ်။

ဒီနေ့ရုံးချိန်းမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ပတ်သက်တဲ့ အဂတိအမှုကို စစ်ဆေးမယ့် အစီအစဉ်တွေ ပြောင်းလဲဖို့လည်း နှစ်ဖက်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

ဆွေးနွေးမှုရလဒ်တွေအရ အဂတိအမှုနံပတ် ၂၊ ၃၊ ၄၊ ၅၊ ၂၅ တို့ကို တနင်္လာနေ့တိုင်း ဆက်လက်စစ်ဆေးသွားမှာဖြစ်ပြီး ရဟတ်ယာဉ် ဝယ်ယူငှားရမ်းအသုံးပြုတာနဲ့ ပတ်သက်တဲ့ အဂတိအမှုနံပတ် ၄၆၊ ၄၇၊ ၄၈၊ ၄၉၊ ၅၀ တို့ကို အင်္ဂါနေ့တိုင်း ဆက်လက်စစ်ဆေးသွားမှာဖြစ်ပါတယ်။ 

ဗုဒ္ဓဟူးနေ့တိုင်းမှာတော့ ဒေါက်တာမျိုးအောင်ကို စွဲဆိုထားတဲ့ ရွေးကောက်ပွဲမသမာမှုကို စစ်ဆေးမှာဖြစ်ပြီး ကြာသပတေးနေ့တိုင်းမှာတော့ အတိုင်ပင်ခံနဲ့ မစ္စတာ ရှောင်တာနဲလ်တို့ကို စွဲထားတဲ့ လျှို့ဝှက်ချက်အက်ဥပဒေအမှုကို စစ်ဆေးသွားမှာဖြစ်ပါတယ်။

အတိုင်ပင်ခံ၊ သမ္မတနဲ့ ဝန်ကြီးဦးမင်းသူတို့ကို စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်ဩဇာသုံးမှုကိုတော့ သောကြာနေ့တိုင်း စစ်ဆေးသွားမှာဖြစ်ပါတယ်။ 

မှုခင်းစီမံခန့်ခွဲမှုအခြေအနေတွေအရ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ တစ်ပတ်မှာ ၄ ရက်အထိ တရားရုံးကို သွားရောက်ပြီး အမှုရင်ဆိုင်ရမှာဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက တရားစွဲထားတဲ့ အမှုတွေထဲက ၃ မှုအတွက် ထောင်ဒဏ်လေးနှစ်ကို နေပြည်တော် အထူးတရားရုံးက ဇန်နဝါရီ ၁၀ ရက်နေ့က ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ အတိုင်ပင်ခံဟာ ဒီဇင်ဘာ ၆ ရက်နေ့တုန်းက အမှု ၂ ခုအတွက် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရတဲ့အတွက် စုစုပေါင်း အမှု ၅ ခုအတွက် ထောင်ဒဏ် ၆ နှစ်ချမှတ်ခံထားရပါတယ်။

9 mins Ago

September 13, 2021

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကျန်းမာရေးမကောင်းသဖြင့် ရုံးချိန်းရွှေ့ဆိုင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းလို့ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့ရပြီး ဆရာဝန်နဲ့ကုသမှု ပေးမပေးဆိုတာက ဖမ်းဆီးထားသူတွေရဲ့ တာဝန်ဖြစ်တယ်လို့ ရှေ့နေဦးခင်မောင်ဇော်က ပြောပါတယ်။ 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စက်တင်ဘာ ၁၃ ရက် ဒီကနေ့မှာ အမှုပြန်စစ်ဖို့ရုံးထုတ်ခဲ့ပေမယ့် ကျန်းမာရေးမကောင်းတာကြောင့် ရုံးချိန်းကို ရွှေ့ဆိုင်းလိုက်ပါတယ်။ 

ကိုဗစ်တတိယလှိုင်းကြောင့် ဒေါ်အောင်ဆန်းစုကြည် အစွဲခံထားရတဲ့အမှုတွေကို စစ်ဆေးဖို့ အချိန်နှစ်လကြာ ဆိုင်းငံ့ခဲ့တာပါ။ 

နောက်ဆုံးရုံးချိန်းကို ဇူလိုင် ၁၃ ရက်နေ့မှာ စစ်ဆေးခဲ့တာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံနဲ့ အတူနေမိသားစုတွေဟာ ရိက္ခာနဲ့ဆေးဝါးအတွက် ငွေကြေးလိုအပ်နေတယ်လို့ ဆိုခဲ့ပါတယ်။ 

ဒီကနေ့မှာ ဒေါ်အောင်ဆန်းစုကြည်အစွဲခံထားရတဲ့အမှု ၃မှုကို စစ်ဆေးဖို့ ချိန်းဆိုခဲ့တာဖြစ်ပြီး ဒီနေ့စစ်ရမယ့်အမှုတွေကို နောက်တစ်ပတ် တနင်္လာနေ့ရုံးချိန်းကို ရက်ရွှေ့ဆိုင်းလိုက်တယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

"ဒီကနေ့မနက် ၉ နာရီခွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ပါတယ်။ တွေ့တွေ့ချင်းပဲ ဒီကနေ့ သူနေမကောင်းဘူးလို့ ပြောတယ်။ တကယ်လည်းဟုတ်ပါတယ်။ မျက်စိတွေ မျက်နှာတွေနီပြီးတော့ နှာတွေလည်း မွှန်နေတယ်။ ခေါင်းတအား မူးတယ်လို့ပြောပါတယ်။ ကျနော်တို့နဲ့ နည်းနည်းပဲ စကားပြောနိုင်ပါတယ်။ စကားပြောပြီးတော့ သူကိုယ်တိုင်ပဲ နောက်နေ့မှ စကားပြောရအောင်တဲ့။ အဲ့ဒါနဲ့ ကျနော်တို့က ရဲကိုပြောပြပါတယ်။ ပြီးတော့ ပြန်သွားပါတယ်။ တရားရုံးကိုတော့ သူ့ကိုယ်စား ကျနော်တို့  ခွင့်တိုင်ပေးလိုက်ပါတယ်။ ဒါကြောင့် သူ့အမှုသုံးမှုဟာ ဒီနေ့မစစ်ဖြစ်ပါဘူး။ ရှေ့တနင်္လာနေ့မှစစ်ဖြစ်ပါမယ်။ သူက မနက်ဖြန်ကျမှ ကျယ်ကျယ်ပြန့်ပြန့်စကားပြောကြတာပေါ့လို့ ပြောသွားတယ်။"

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ စက်တင်ဘာ ၁၄ ရက်နေ့မှာလည်း တခြားအမှုတွေအတွက် ရုံးချိန်းရှိနေပြီး ကျန်းမာရေးအခြေအနေကောင်းမကောင်း၊ ဆရာဝန်နဲ့ကုသမှုခံယူခွင့်ရမရဆိုတာ နောက်ရက်မှာ စောင့်ကြည့်ရမယ်လို့ဆိုပါတယ်။ 

အထူးတရားရုံးကို ဝင်ရောက်ရမယ့်သူအားလုံးဟာ စက်တင်ဘာ ၁၂ ရက်နေ့လည်ပိုင်းမှာ ကိုဗစ်စစ်ဆေးမှုကို ခံယူထားရပြီး ကိုဗစ်နဂ္ဂတစ် ဖြစ်တဲ့သူတွေသာ ရုံးထုတ်စစ်ဆေးမှုကို ဝင်ရောက်ခွင့်ရတာဖြစ်ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည် နေမကောင်းဖြစ်နေတဲ့အခြေအနေကို ဆရာဝန်နဲ့ ကုသမှုခံယူခွင့်ရမရဆိုတာကတော့ ဖမ်းဆီးထားသူတွေရဲ့ တာဝန်သာဖြစ်တယ်လို့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

"ဆရာဝန်နဲ့ပြမလား မပြဘူးလားဆိုတာတော့ သူ့ကိုဖမ်းထားတဲ့သူတွေ ဘာလုပ်မလဲတော့မသိဘူး။ ကျနော်တို့တော့ ပြောပြလိုက်တယ်လေ။ သူကလည်းပဲ သူပြောပြမယ်လို့ ပြောတယ်။ အစကသူက ပြောကိုမပြောတာ။ ကျနော်တို့ကိုတော့ ကားမူးလို့ တောက်လို့ အဲ့လိုပဲပြောတာလေ။ ကျနော်တို့က အပြင်ထွက်ပြီးတော့ ရဲကိုပြောလိုက်တာ။ သူက ကြာကြာထိုင်နိုင်မှာ မဟုတ်ဘူးပြောလို့ သူတို့ပြန်ခေါ်သွားကြတာ။ ဆရာဝန်တွေနဲ့ တွေ့ဖို့ပြုဖို့ ဆိုတာကတော့ သူတို့ဖမ်းထားတဲ့သူတွေ ဘာလုပ်မလဲတော့မသိသေးဘူး။ မနက်ဖြန်ကျရင်တော့ သိမှာပေါ့။" 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်ပြီး စစ်ကောင်စီက ပုဒ်မ ၆ခုနဲ့ တရားစွဲခဲ့တာပါ။ ဇွန်လ ၉ ရက်နေ့မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ အမှုထပ်ဖွင့်ခဲ့ပါတယ်။ ဇူလိုင် ၁၂ ရက်နေ့ ရုံးချိန်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက မန္တလေးတိုင်းတရားလွှတ်တော်မှာ အဂတိပုဒ်မ အမှုလေးခုနဲ့ထပ်မံစွဲဆိုထားတယ်လို့ ရှေ့နေတွေက ပြောပါတယ်။ အဲ့ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့အမှုဟာ စုစုပေါင်း ၁၁ မှုအထိ ရှိနေပါတယ်။

6 months Ago
Up