စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရဆရာ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို မတ် ၂၈ ရက်နေ့က မြစ်ကြီးနားအကျဥ်းထောင်း အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
“ဒီတခေါက်ရုံးချိန်းမှာတော့ အမှု ၃ ခုစလုံးအတွက် စစ်ဆေးမေးမြန်းစရာရှိတာ အကုန်ပြီးသွားပြီ။ နောက်လာမယ့်ရုံးချိန်း ဧပြီ ၄ရက်နေ့မှာ လျှောက်လဲချက်ပေးရမှာ” လို့ ဒေါက်တာခလမ်ဆမ်ဆွန်ရဲ့ တရားလွတ်တော်ရှေ့နေ ဒေါင်နန်းက ပြောပါတယ်။
ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ လိုင်ဇာမြို့ကို သွားရောက်ပြီး KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်တို့ တက်ရောက်တဲ့ အစည်းအဝေးတခုကို တက်ရောက်ခဲ့တဲ့အတွက် မတရားအသင်းအက်ဥပဒ ၁၇ (၁) နဲ့ တရားစွဲခဲ့တာပါ။
၅၀၅ (က) အတွက်ကတော့ အာရှဇုန်နယ်လူ ငယ်တွေအတွက် ဟောပြောပွဲတခုမှာ “ခရစ်တော်၌ နိုင်ငံတော်ကို တည်ထောင်ကြပါစို့” ခေါင်းစဉ်နဲ့ ဟောပြောတဲ့အချိန် နိုင်ငံတော်အကြည်ညိုပျက်စေတဲ့ စကားလုံးတွေ ပါဝင်တယ်ဆိုပြီး စွဲချက်တင်ထားတာ ဖြစ်ပါတယ်။
နောက်တိုးအနေနဲ့ လိုင်ဇာမြို့မှာ NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်နဲ့ ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်တို့ ၃ ယောက်ကို သွားတွေ့တယ်ဆိုတဲ့ အချက်နဲ့ ပုဒ်မ အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)နဲ့ ထပ်မံ တရားစွဲဆိုခဲ့တာပါ။
ဒေါက်တာခလမ်ဆမ်ဆွမ်နဲ့ တွေ့ဆုံခွင့်ရရေးအတွက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ကနေ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဆီ ပြီးခဲ့တဲ့ ဒီဇင်ဘ ၁၅ ရက်နေ့က စာတင်ခဲ့ပေမယ့် အကြောင်းပြန်လာခြင်း မရှိသေးဘူးလို့ သိရပါတယ်။
သူ့ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဗိုလ်မှူး သူအောင်ဇော်က တရားလိုပြုလုပ် တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်အား ဒီဇင်ဘာ ၅ရက်နေ့က ဘန်ကောက်မြို့ကို ဆေးကုဖို့ သွားရောက်စဉ် မန္တလေးလေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ကာ ပြန်လွတ်ပေးခဲ့ပြီးနောက် မြစ်ကြီးနားလေဆိပ်မှာ ညနေပိုင်း ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။
အကြမ်းဖက်မှုနဲ့ စွဲချက်တင်ခံနေရတဲ့ ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်း အင်မရန်ခန်းကို စက်တင်ဘာ ၁၂ ရက် ဒီနေ့မှာ တရားရုံးမှာ ရုံးထုတ်ဖို့ ရှိပါတယ်။
ခရစ်ကတ် လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်းလည်းဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး အာမခံနဲ့ ပြန်လွှတ်ပေးထားပေမဲ့ သက်တမ်းတိုးပေးထားတဲ့ အာမခံဟာလည်း သက်တမ်းကုန်ကုန်ခါနီးနေပါပြီ။
စစ်တပ်တွင်း ပုန်ကန်ဖို့ လှုံ့ဆော်မှု စွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ သူ့ရဲ့လက်ထောက်တစ်ဦးကို ရဲတပ်ဖွဲ့က ညှဉ်းပန်း နှိပ်စက်ခဲ့တယ်လို့ အင်မရန်ခန်းက မိန့်ခွန်းမှာထည့်သွင်း ပြောဆိုတာကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လမှာ ရဲတပ်ဖွဲ့က စွဲချက်တင်ခဲ့တာပါ။
သူ့လက်ထောက်ကို ရမန်ထုတ်ခဲ့တဲ့ အစ္စလာမာဘတ် ရဲချုပ်နဲ့ အမျိုးသမီး တရားသူကြီးတစ်ဦးတို့ကို လွှတ်ပေးမှာမဟုတ်ဘူးလို့ ခန်းက သူ့မိန့်ခွန်းထဲမှာ ပြောကြားခဲ့ပြီး သူတို့ကို တရားဥပဒေအရ အရေးယူမယ်လို့ ပြောခဲ့ပါတယ်။
ရဲတပ်ဖွဲ့က အဲဒီမှတ်ချက်ကို ကိုးကားပြီး ခန်းဟာ ရဲတွေနဲ့ တရားစီရင်ရေး မဏ္ဍိုင်တို့အကြား အကြမ်းဖက်မှု ပျံ့နှံ့စေဖို့နဲ့ တာဝန်မထမ်းနိုင်အောင် တားဆီးဖို့ ရည်ရွယ်တယ်လို့ စွပ်စွဲ ဖမ်းဆီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဟောင်းကတော့ အမှုကိုကြားနာပြီးတဲ့နောက် သူ့မိန့်ခွန်းထဲမှာ ဘာအမှားအယွင်းမှ မပါခဲ့ဘူးလို့ ပြောပါတယ်။
လာမယ့်နှစ်အောက်တိုဘာလအထိ ရွှေ့ဆိုင်းထားတဲ့ ရွေးကောက်ပွဲအတွက် ထောက်ခံ အားပေးတဲ့ ခန်းရဲ့ ချီတက်ပွဲတွေကြောင့် ပါကစ္စတန်နိုင်ငံထဲမှာ နိုင်ငံရေး တင်းမာမှုတွေ ဆက်လက် မြင့်မား နေပါတယ်။