close

ရုံးဝန်ထမ်း

close

December 4, 2021

ရုံးတက်ပါက အသက်အန္တရာယ် အာမ မခံဟု သထုံ PDF နောက်ဆုံးအကြိမ် သတိပေး

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ ရုံးဝန်ထမ်းတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး  ဝန်ထမ်းတွေကို မွန်-သထုံကာကွယ်ရေးတပ်ဖွဲ့က ဒီဇင်ဘာ ၄ ရက်မှာ နောက်ဆုံးအကြိမ် သတိပေးလိုက်ပါတယ်။

အဲဒီသတိပေးစာမှာတော့ လာမယ့် တနင်္လာနေ့ ရုံးဖွင့်ရက်ကစပြီး စစ်ကောင်စီ လက်အောက်မှာ ဆက်လက် တာဝန်ထမ်းဆောင်မယ်ဆိုရင် ဝန်ထမ်းတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို အာမ မခံတော့ဘူးလို့ ဆိုထားပါတယ်။

မွန်-သထုံကာကွယ်ရေးတပ်ဖွဲ့ကတော့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ အခွန်ဝင်ငွေ စီးဆင်းနေမှုကို ဖြတ်တောက်ချင်တဲ့အတွက်  ရုံးဝန်ထမ်းတွေ ရုံးမတက်ကြဖို့ အကြိမ်ကြိမ် သတိပေးခဲ့ပြီး အခုအခါမှာတော့ နောက်ဆုံးအကြိမ် သတိပေးရတာလို့ ထုတ်ပြန်ထားပါတယ်။

သထုံမြို့နယ်ထဲက ဌာနဆိုင်ရာရုံးတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေ ဗုံးပေါက်ကွဲမှု ဆက်တိုက်ဖြစ်လာတဲ့အတွက်ကြောင့် ရုံးတက်ဖို့ စိုးရိမ်နေရတယ်လို့ ရုံးတက်နေတဲ့ Non CDM ဝန်ထမ်း တစ်ဦးက ပြောပါတယ်။   ဒါကြောင့် လာမယ့် ရုံးဖွင့်ရက်မှာ အခြေအနေ စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။

သထုံမြို့နယ်မှာတော့ ဒီဇင်ဘာ ၃ ရက် ညနေ ၄ နာရီလောက်က  လဝကရုံး ဗုံးပေါက်ကွဲပြီးနောက် ရုံးတံခါးနဲ့ ဆိုင်ကယ် ၃  စီးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

လဝကရုံး မိုင်းခွဲတိုက်ခိုက်တာဟာ သူတို့ လက်ချက်ဖြစ်တယ်လို့ မွန်-သထုံကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

10 mins Ago

February 8, 2021

CDM လှုပ်ရှားမှု စတင်ကြောင်း ကယားပြည်နယ်လွှတ်တော်ရုံးဝန်ထမ်းများ ကြေညာ

ပြည်သူကတင်မြှောက်တဲ့ ပြည်သူ့အစိုးရနဲ့ နိုင်ငံ့တာဝန်တွေ ထမ်းဆောင်လိုတဲ့အတွက် ဒီကနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ကစပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) စတင်ကြောင်း ကယားပြည်နယ် လွှတ်တော်ရုံးဝန်ထမ်းများက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

“ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒလွှတ်တော်ဆန္ဒ၊ ပြည်သူတို့ မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ကယားပြည်နယ်လွှတ်တော်ရုံးအနေနဲ့ အများပြည်သူရဲ့ ဆန္ဒနဲ့အညီ ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုကယ်စားလှယ်ကိုသာ ပံ့ပိုးသွားမယ်လို့ ဆိုပါတယ်။

အများပြည်သူဆန္ဒမပါဘဲ အတင်းအဓမ္မအာဏာရ ယူဖွဲ့စည်းထားတဲ့ အာဏာရှင်စနစ်အစိုးရကို ကန့်ကွက်ကြောင်းနဲ့ ပြည်သူကတင်မြှောက်တဲ့ ပြည်သူ့အစိုးရနဲ့သာ နိုင်ငံ့တာဝန်တွေ ထမ်းဆောင်လိုတဲ့အတွက် အခုလို ကြေညာလိုက်တာပါ။

စစ်အာဏာရှင်စနစ် အပြီးတိုင် အဆုံးသတ်ပြီး ပြည်သူတို့ဆန္ဒအရ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရ ပြန်လည်စတင်သည်အထိ မိမိတို့ရဲ့ဆန္ဒကို ငြိမ်းချမ်းစွာ ထုတ်ဖော်ပြီး ပြည်သူတို့ရဲ့ သဘောဆန္ဒနဲ့အတူ ရပ်တည်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ကယားပြည်နယ်လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်းနဲ့ မယ်စဲမြို့နယ်က ပြည်သူ့ဆေးရုံ ကျန်းမာရေးဝန်ထမ်းတွေလည်း CDM ပြုလုပ်တဲ့အတွက် ဆေးရုံတွေ ပိတ်ထားရပြီး လူနာတချို့ကိုတော့ အပြင်ဆေးခန်းမှာ ဆရာဝန်တွေက ဆေးကုသပေးနေပါတယ်။

လွိုင်ကော်အထွေထွေအုပ်ချုပ်ရေးဌာန ဝန်ထမ်းတချို့ကလည်း CMD လှုပ်ရှားမှုမှာပါဝင်ပြီး ရုံးမတက်ဘဲ ဆန္ဒထုတ်ဖော်နေကြပါတယ်။ CDM ပါဝင်တဲ့ ဝန်ထမ်းတချို့လည်း ရုံးပြန်တက်ဖို့ လက်မှတ်ရေးထိုးဖို့ ဖိအားပေးခံရတာတွေ ရှိကြောင်း အမည်မဖော်လိုတဲ့ဝန်ထမ်းက ပြောပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့  မနက် ၈ နာရီကစပြီး  လွိုင်ကော်မြို့မှာ သောင်းနဲ့ချီတဲ့ ပြည်သူလူထုတွေဟာ စစ်ဏာရှင်ဆန့်ကျင်တဲ့ အနေနဲ့ မြို့ကိုပတ်ပြီး လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။ အလားတူ ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်း၊ မယ်စဲ အစရှိတဲ့ မြို့တွေမှာလည်း ပြည်သူတွေက စစ်ဏာရှင်ဆန့်ကျင်ရေး လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

10 months Ago
Up