close

ရုံးအချို့

close

February 23, 2022

ယင်းမာပင်က ဌာနဆိုင်ရာရုံး​အားလုံး ပိတ်ထားရ၊ ရုံးအချို့ ပြန်ဖွင့်ခိုင်းနေ

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်မှာ စစ်အာဏာသိမ်းပြီး​နောက်ပိုင်း အာဏာဖီဆန်ရေး (CDM) ကြောင့် အုပ်ချုပ်​ရေးပိုင်း ပျက်ပြားသွားခဲ့သလို ဌာနဆိုင်ရာရုံးအများစု လုပ်ငန်းများ မလည်ပတ်နိုင်တော့ဘဲ ဒီနေ့အထိ ပိတ်ထားရတယ်လို့ သိရပါတယ်။

ယင်းမာပင်မြို့မှာ စစ်​ကောင်စီလက်ထက် ဆက်လက်လုပ်​ဆောင်​နေတဲ့ ရုံး​​ပေါင်း ၅ ခုသာရှိပြီး ထွေအုပ်ရုံး၊ လဝက)ရုး၊ စည်ပင်ရုံး၊ ဘဏ်လုပ်ငန်းနဲ့ ကုန်သွယ်​ရေး အစရှိတဲ့ရုံး​တွေဖြစ်တယ်လို့ ​ဒေသခံ​တွေက ​ပြောပါတယ်။

အဲဒီရုံး ၅ ခုဟာလည်း ​ဖေ​ဖော်ဝါရီ ဒုတိယအပတ်​လောက်ကစပြီး ဒီ​နေ့ချိန်အထိ ဆက်လက်လုပ်​ဆောင်နိုင်ခြင်း မရှိ​သေးဘဲ ပိတ်ထားဆဲဖြစ်ပြီး ​ဖေ​ဖော်ဝါရီ ၂၄-၂၅ ရက်​​တွေမှာ ပြန်လည်ဖွင့်လှစ်ဖို့ စစ်​ကောင်စီက ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

ဖွင့်လှစ်​ဆောင်ရွက်နိုင်ခဲ့တဲ့ ရုံး​တွေထဲမှာ လဝက ရုံးနဲ့ စည်ပင်ရုံး ၂ ခုသာ ပြည်သူတချို့နဲ့ ထိ​တွေ့လုပ်​ဆောင်မှု​တွေရှိပြီး လဝက ရုံးက မှတ်ပုံတင်ပြုလုပ်​ပေးတာနဲ့ စည်ပင်ရုံးက မြို့​ပေါ်​နေ ပြည်သူတွေဆီက ​ရေခွန်၊ အမှိုက်ခွန် စတဲ့ အခွန်​ကောက်ခံမှု​တွေသာ ​လုပ်​ဆောင်​နေတာလို့ ​ပြောပါတယ်။

ယင်းမာပင်မြို့နယ်မှာ ဌာနဆိုင်ရာရုံးအများစုက​တော့ ဖွင့်လှစ်လုပ်​ဆောင်နိုင်ခြင်းမရှိဘဲ ဖွင့်လှစ်တဲ့ ရုံး​တွေကလည်း စာရင်းပိုင်း​လောက်သာ လုပ်​ဆောင်နိုင်ခဲ့သလို ​ကျေးလက်​ဒေသတွေမှာ​တော့ လုပ်ငန်း​ဆောင်ရွက်လို့ မရကြောင်း သိရပါတယ်။

ယင်းမာပင်မြို့နယ်ဟာ စစ်အာဏာရှင်ဆန့်ကျင်​ရေး လမ်းမ​ပေါ်တက် ဆန္ဒပြပွဲ​​တွေမှာ အင်အား​ကောင်း​ကောင်းနဲ့ ပြုလုပ်ခဲ့ကြသလို လက်နက်ကိုင် ​ဆန့်ကျင်တော်လှန်​ရေးမှာလည်း အင်အား​ကောင်းတဲ့ မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။

11 mins Ago
Up