ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်ရေကစားမဏ္ဍပ်တွေမှာ လုံခြုံရေးအနေနဲ့ စွမ်းအားရှင်တွေကို စစ်ကောင်စီတပ်က
နေ့စားခပေးပြီး ခေါ်ထားတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်မှာ ဧပြီ ၁၁ က ဖွင့်လှစ်ခဲ့တဲ့ "လှိုင်ပိတောက်မေ" သင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားမှာ စွမ်းအားရှင်အချို့ကို စစ်တပ်က နေ့စားခပေး ခေါ်ယူတာ သိခဲ့ရတယ်လို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
"အဲ့နေ့ဖွင့်ပွဲတက်လာတဲ့အထဲမှာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတုန်းက တောင်ဥက္ကလာငွေကြာရံမှာ ဘုန်းကြီးနဲ့နိုင်ငံရေးသမားတွေကို ရိုက်တဲ့သူတွေပါတယ်၊ စစ်တပ်က နေ့စားခပေးပြီး ခေါ်သုံးတာ။"
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ မြောက်ပိုင်းခရိုင်ဥက္ကဋ္ဌ ဗိုလ်မှူးနေလင်း နေ့စားခနဲ့ ခေါ်ယူအသုံးပြုခဲ့သော လှိုင်သာယာမြို့အတွင်းရှိ ရပ်ကွက်နဲ့ကျေးရွာအချို့က စွမ်းအားရှင်တွေ ဖြစ်တယ်လို့ အုပ်ချုပ်ရေးမှူးဟောင်းတဦးက ဒီဗွီဘီကို ပြောပါတယ်။
"အဲ့ဒီတုန်းက ဘုန်းကြီးတွေရိုက်ခဲ့တဲ့ ၁၅ ရပ်ကွက်က ဆင်ကြီး ဝင်းတင်တို့အုပ်စုတော့ မပါဘူး၊ အခြားသူတွေတော့ပါတယ်။ ပုံထဲမှာပါတဲ့သူတွေကြည့်ပြီး မြို့ခံတွေက ဆုံးဖြတ်ပေးလိမ့်မယ်။"
အလားတူပင် ဒဂုံအရှေ့၊ တာမွေ၊ ရန်ကင်း၊ မြောက်ဒဂုံ စတဲ့မြို့နယ် မဏ္ဍပ်တွေမှာလည်း နယ်ခံ လူမိုက်အချို့နဲ့ စွမ်းအားရှင်တွေကို ခေါ်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒါ့အပြင် မြို့နယ်ရေကစားမဏ္ဍပ်တွေမှာ စစ်တပ်၊ ရဲ၊ စသုံးလုံး၊ ထောက်လှမ်းရေး အစရှိတဲ့ အဖွဲ့အစည်းတွေကို ထားရှိကာ လုံခြုံရေးကို ပိုမိုတင်းကျပ်ထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်များ လုံခြုံရေးယူထားတဲ့ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်ရှိ ရေကစားမဏ္ဍပ်အနီးမှာ ဒီနေ့ မနက်ကိုးနာရီက ဗုံးပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပြည်သူရင်ပြင်ရှိ ရေကစားမဏ္ဏပ်ရဲ့အနီးမှာ ဒီနေ့မနက် ၉ နာရီက ဗုံးပေါက်ခဲ့တာလို့ အဌားယာဥ်မောင်းတဦးက ဒီဗွီဘီကို ပြောပါတယ်။
"ပေါက်တာက ပြည်သူ့ရင်ပြင်က မဏ္ဍပ်နားမှာပေါက်တာ၊ အဲ့နားမှာ စစ်သားတွေရော ရဲတွေရော အများကြီးပဲ၊ ဗုံးပေါက်ပြီးတော့ ထပ်ရှာကြသေးတယ်။"
ဒဂုံမြို့နယ်ပြည်သူ့ရင်ပြင်ရှိ ရေကစားမဏ္ဍပ်အနီး ဗုံးပေါက်ကွဲပြီး စစ်ကောင်စီတပ်သားအချို့ ထိခိုက်ဒဏ်ရာရခဲ့ပေမဲ့ ထပ်မံသတင်းမကြားရဘူးလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီ ကိုပြောပါတယ်။
"အရင်ဆုံးကြားတာ ဗုံးပေါက်တယ် ထိခိုက်မှုရှိတယ်၊ နောက်တော့ စစ်တပ်ကပြောတယ် ဒဏ်ရာရတဲ့မရှိဘူး လက်လုပ်ဗုံးတွေ့လို့ ဖောက်တာတဲ့။"
မနေ့ကလည်း စမ်းချောင်းမြို့မရဲစခန်း နဲ့ ပြည်သူ့ရင်ပြင်မှာ ဗုံးပေါက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်နဲ့ ရဲတွေကို သေချာစစ်ဆေးဖို့ တိုင်းစစ်ဌာနချုပ်က ဖိအားပေးထားတယ်လို့ သူက ပြောပါတယ်။
လတ်တလောမှာ စစ်ကောင်စီတပ်နဲ့ရဲတွေက ပြည်သူ့ရင်ပြင်အတွင်း လာရောက်သူတွေကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သွားရောက်ခဲ့သူတွေဆီက သိရပါတယ်။