close

ရေကစားသူ မရှိ

close

April 13, 2022

ပြည်မြို့ သင်္ကြန်ပွဲတော် ရေကစားသူမရှိ တိတ်ဆိတ်ခြောက်ကပ်နေ

ပဲခူးတိုင်း၊ ပြည်မြို့မှာ ဧပြီ ၁၃ ရက် သင်္ကြန်ပွဲတော် အကြိုနေ့က ဒေသခံပြည်သူတွေက ရေကစားကြတာမရှိဘဲ  အသံတိတ်သပိတ်လှုပ်ရှားမှု  Silence Day နေ့ကလို ခြောက်ကပ်နေလို့ မြို့ခံတွေက ပြောပါတယ်။

ပြည်မြို့က စစ်ကောင်စီဗဟိုမဏ္ဍပ်မှာတော့ ဝန်ထမ်းမိသားစု၊ တပ်မိသားစု၊ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးမိသားစုတချို့လာရောက်ခဲ့ပြီး ယိမ်းအကနဲ့ ဖျော်ဖြေခဲ့ပေမဲ့  စင်အောက်မှာ ကြည့်ရှုသူပရိသတ်မရှိဘဲ သင်္ကြန်ပွဲတော်ကို လုံခြုံရေးတင်းကျပ်  ဖွင့်လှစ်ခဲ့ပါတယ်။ 

စစ်ကောင်စီအာဘော် MRTV ရုပ်သံ နေ့လယ် သတင်းမှာတော့   မဏ္ဍပ်ပေါ်ကိုသာ ရိုက်ပြထားတဲ့ ဓာတ်ပုံ ၄ ပုံပြသပြီး သင်္ကြန်စည်ကားနေဟန် လိမ်ညာပြသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်

“သူတို့က အရင်  အန်အယ်လ်ဒီအစိုးရခေတ်က ပြုလုပ်ခဲ့တဲ့ပုံစံမျိုး ကမ်းနားလမ်းတလျှောက်ကို လမ်းလျှောက်သင်္ကြန်လုပ်ဖို့ စီစဉ်ထားတာ၊ အခုက Silence Day ကျနေတာပဲ။ ခါတိုင်းရက်ကမှ ကားတို့ ဆိုင်ကယ်တို့ လူတို့သွားကြသေးတာ ဒီနေ့ကတော့ လူသွားလူလာတောင်မရှိဘူး”

ပြည်မြို့ ကမ်းနားလမ်း  လမ်းလျှောက်သင်္ကြန်မှာလည်း ရေပိုက်တွေ အဆင့်သင့်လုပ်ထားတာ ပေမဲ့ လမ်းလျှောက်မယ့်သူ မရှိဘူးလို့  ဒေသခံ တယောက်က ပြောပါတယ်။

အမှတ် (၃) ရဲစခန်းရှေ့မှာတော့ ရဲတွေက အရပ်ဝတ်နဲ့ သောက်စားမူးယစ်ပြီး အချင်းချင်း ရေပက်နေကြသလို ဗဟိုမီးသတ်ရှေ့မှာလည်း ဒီနေ့မနက်က  မီးသတ်တွေအချင်းချင်း ရေပက်နေကြပါတယ်။

စစ်ကောင်စီကတော့ ဧပြီလ ၁၂ ရက် ညနေကတည်းက လမ်းလျှောက်သင်္ကြန် လုံခြုံရေးအတွက်ဆိုပြီး ကြံ့ခိုင်ရေးပါတီရုံးထဲမှာ စစ်ကောင်စီတပ်သားတွေ အယောက် ၃၀ ကျော် ၄၀ လောက်  လောက်ချထားပါတယ်။

3 mins Ago
Up