close

ရေကစား

close

April 16, 2023

ထိုင်းဆုန်ခရန်ပွဲတော်တွင် ရေကစားနေသည့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယုဒ်

ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယုဒ်ကျန်အိုးချားဟာ ထိုင်းနှစ်သစ်ကူး ဆုန်ခရန်ပွဲတော်ကာလ နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသွားတွေအကြားမှာ ကျော်ကြားတဲ့ ဘန်ကောက်မြို့ရဲ့   ခေါင်ဆန်လမ်းမှာ  ပါဝင်ရေကစားခဲ့ပါတယ်။

ထိုင်းနှစ်သစ်ကူးပွဲတော်ကာလ ဧပြီ ၁၄ ရက်က တောက်ပြောင်တဲ့ ဟာဝိုင်အီရှပ်အင်္ကျီကို ဝတ်ဆင် ရေသေနတ်ကိုင်ကာ ရေကစားနေတဲ့  အသက် ၆၉ နှစ်အရွယ် ပရာယွတ်သ်ဟာ ရွေးကောက်ပွဲအကြိုကာလ လူကြိုက်များမှု ကျဆင်းနေလို့ စိတ်ဓာတ်ကျသွားတဲ့ အရိပ်အယောင်ကို မပြခဲ့ပါဘူး။

၂၀၁၄ ခုနှစ်က အာဏာသိမ်းခဲ့တဲ့ စစ်တပ်အကြီးအကဲဟောင်းဟာ ရေပုံးတွေ၊ ရေသေနတ်တွေ ကိုင်ဆောင်ရင်း ပျော်ပါးနေတဲ့ လူအုပ်ကြီးရဲ့ ပစ်မှတ်ဖြစ်လာတာကို တွေ့ရပါတယ်။

သူဟာ ဘက်ပေါင်းစုံ ကနေ ရေနဲ့ပက်တာကိုခံရလို့ မျက်နှာကို အဆက်မပြတ် သုတ်ရင်း ရေသေနတ်နဲ့ ပြန်ပြီး ရေပက်ခဲ့တာကို ထိုင်းလူမှုမီဒီယာမှာ တင်ထားတဲ့ ရုပ်သံတွေမှာ မြင်တွေ့ခရပါတယ်။

ဝီစီမှုတ်ရင်း ကောင်းချီးပေး အော်ဟစ်နေတဲ့ လူအုပ်ကြီး ကြားကနေ ပရာယုဒ်က ဖြတ် လျှောက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိဝန်ကြီးချုပ် ပရာယုဒ် ဟာ မေလ ၁၄ ရက် အထွေထွေရွေးကောက်ပွဲ မတိုင်မီ သဘောထား စစ်တမ်းတွေမှာတော့သူ့ရဲ့ ကျော်ကြားမှုမှာ ဝန်ကြီးချုပ်ရာထူးအတွက် ရှေ့ပြေးနေတဲ့ ဖဲထောင်းထန်းရှင်နာဝပ်ရဲ့ အောက်မှာရောက်နေတာဖြစ်ပါတယ်။

3 mins Ago

April 8, 2021

သင်္ကြန်ကာလ ရေကစားခြင်းမပြုရန် သံတွဲမြို့တွင် စာထုတ်

အကြမ်းဖက်စစ်ကောင်စီက ကျင်းပတဲ့ အတာသင်္ကြန်ပွဲမှာ ပါဝင်ဆင်နွှဲခြင်းမပြုဖို့ မေတ္တာရပ်ခံကြောင်း သံတွဲလူငယ်အစည်းအရုံးက ဒီနေ့ ထုတ်ပြန်ခဲ့ပါတယ်။

အကြမ်းဖက်လက်နက်ကိုင် စစ်ကောင်စီရဲ့ သတ်ဖြတ်မှုတွေကြောင့် မြန်မာနိုင်ငံအနှံ့ သေဆုံးခဲ့သူ ၆၀၀ ကျော်ရှိပြီး ဖမ်းဆီးထိန်းသိမ်းခံရသူလည်း ၂၀၀၀ ကျော်ရှိလာတဲ့အတွက် လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ အခုနှစ် အတာသင်္ကြန်ကာလမှာ ရေပတ်ဆော့ကစားခြင်း မပြုလုပ်ကြဖို့ ဒီနေ့ထုတ်ပြန်တဲ့ သံတွဲလူငယ်အစည်းအရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီကို ကန့်ကွက်တဲ့အနေနဲ့ အခုနှစ် အတာသင်္ကြန်ကာလမှာ ရေပက်ဆော့ကစားခြင်း မပြုဘဲ နေအိမ်အတွင်း အေးအေးဆေးဆေး အနားယူပြီး ဆန္ဒဖော်ကြဖို့ကိုလည်း သံတွဲမြို့ Generation Z အဖွဲ့ တာဝန်ရှိသူတယောက်က ဆိုပါတယ်။

ဒီနှစ်မှာ သံတွဲမြို့ဗဟိုမဏ္ဍပ်ကို သံတွဲမြို့ပြည်သူ့ဆေးရုံရှေ့မှာ ဆောက်လုပ်ဖို့ ပြင်ဆင်ခဲ့ကြပေမယ့် ဆေးရုံကခွင့်မပြုတာကြောင့် ငပလီလမ်းဆုံမှာ ပြောင်းရွှေ့ဆောက်လုပ်ဖို့ စီစဉ်ခဲ့ကြပါတယ်။ ငပလီလမ်းဆုံမှာလည်း ခုထိတော့ သင်္ကြန်မဏ္ဍပ်ဆောက်လုပ်တာ မတွေ့ရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ငပလီမြို့၊ ဂျိတ္တောရပ်ကွက်မှာတော့ အကြမ်းဖက်စစ်ကောင်စီကို ထောက်ခံကြတဲ့သူတွေက တစ်ရပ်ကွက်ကို မဏ္ဍပ်တခုဆောက်လုပ်ပြီး သင်္ကြန်ကိုဆင်နွှဲကြမယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ စစ်ကောင်စီကို မလိုလားတဲ့ နွေဦးတော်လှန်ရေးဆင်နွှဲနေကြသူတွေကတော့ သင်္ကြန်ကာလအတွင်း ရေပက်ဆော့ကစားတာမျိုး ပြုလုပ်ကြမှာ မဟုတ်ဘူးလို့ ဒေသခံတွေကဆိုပါတယ်။

2 years Ago
Up