ဧရာဝတီတိုင်း၊ ရေကြည်မြို့မှာ ဖေဖော်ဝါရီ ၆ ရက် ည ၇ နာရီလောက်က ရဲမိသားစုဝင်အိမ်က ဦးစီးကျင်းပတဲ့ နတ်ပွဲတခုကို နယ်ထိန်းရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့လို့ ရဲတပ်ဖွဲ့ဝင် အချင်းချင်း မကျေမနပ် ဖြစ်ပွားခဲ့တယ်လို့ ရဲနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
နတ်ပွဲမှာပါဝင်ခဲ့သူ အမျိုးသားတဦးက “နတ်ပွဲကျင်းပတာ ခွင့်ပြုချက်တောင်းထားပြီးမှ လုပ်တယ်၊ ပိုက်ဆံလည်း ပေးထားတယ်လေ။ ပွဲဖြစ်ဖို့ ရဲနဲ့ စစ်ကောင်စီတပ်တွေကို လိုင်းကြေး ၄၅,၀၀၀ တောင် ပေးရတယ်။ ရေကြည်မြို့က တချို့အိမ်တွေလည်း လုပ်နေကြတာပဲ။ အဲ့ဒါကို ရေကြည်ရဲမှူးက ဖမ်းခိုင်းတယ်ဆိုပြီးတော့ နယ်ထိန်းတွေ အတင်းဝင်ဖမ်းကြတာ။ ဖမ်းတဲ့အိမ်ကလည်း ရဲမိသားစုဝင်အိမ်ဆိုတော့ အခု မကျေမနပ်ဖြစ်ပြီး ပြဿနာ အကြီးအကျယ်တက်ကြတယ်” လို့ ပြောပါတယ်။
ရဲမိသားစုနဲ့ နီးစပ်သူတဦးကလည်း “နယ်ထိန်းရဲတွေက နတ်ထိန်းအပြင် ဆိုင်းသမား ၆ ယောက်ကိုရော ဖမ်းခေါ်သွားတာ။ စက်ပစ္စည်းတွေကိုပါ ရေကြည်မြို့မရဲစခန်းထဲကို သယ်ယူသွားတာ။ သိပ်မကြာပါဘူး နာရီဝက်လောက်ပဲရှိမယ်၊ ဖမ်းခေါ်သွားတဲ့ နတ်ထိန်းအဖွဲ့နဲ့ စက်ပစ္စည်းတွေကို ငွေပေးပြီး ပြန်ရွေးယူခဲ့ရတယ်” လို့ ပြောပါတယ်။
၂၀၂၂ ခုနှစ် ဧပြီလတုန်းကလည်း ဧရာဝတီတိုင်း မအူပင်မြို့မရဲစခန်းမှူးဟာ ရဲစခန်းဝင်းထဲ နတ်ကနားပွဲ ပေးခဲ့တာကြောင့် ရာထူးချကာ နေရာပြောင်းရွှေ့ခံခဲ့ရပါတယ်။
နတ်ကနားပွဲကို မအူပင်မြို့မရဲစခန်းမှူး ဒုရဲမှူး ညွန့်လှိုင်ကိုယ်တိုင် ဦးဆောင်ပြုလုပ်တာဖြစ်ပြီး သူအပါအဝင် ရဲစခန်းမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို နတ်ကတော်ထံအပ်နှံခဲ့တာလို့ မအူပင် ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
ဧရာဝတီတိုင်း၊ ရေကြည်မြို့မှာ ဇွန် ၁၇ ရက်နေ့က ရေနံသာစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ရိုဟင်ဂျာ ၁၀၄ ဦးထဲက ၅၃ ဦးကို ပုဒ်မ ၆(၃)နဲ့ တရားစွဲဆိုခဲ့ပြီး ရေကြည်မြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက “တရားစွဲထားတာတော့ အားလုံးကို စွဲထားတာ၊ ခုက အသုတ်ခွဲပြီး ပြစ်ဒဏ်ချတဲ့သဘောပါ။ တရားစွဲတာတော့ တရားလိုကို လဝကလုပ်ပြီးစွဲတာပါ၊ ၁၇ ရက်နေ့က ပြစ်ဒဏ်ချလိုက်တာ” လို့ ပြောပါတယ်။
ရေကြည်မြို့နယ်တရားရုံးမှာ ထောင်ဒဏ် ၂ နှစ်စီ ပြစ်ဒဏ်ချမှတ်ခံရတဲ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က လုံခြုံရေးယူပြီး ပုသိမ်အကျဉ်းထောင်ကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ပြစ်ဒဏ်ချမှတ်ဖို့ ကျန်နေတဲ့ ရိုဟင်ဂျာ ၅၁ ဦးကို နောက်လာမယ့်ရုံးချိန်းမှာ ထပ်မံအမိန့်ချမှတ်သွားမယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။
အဆိုပါ ရိုဟင်ဂျာ ၁၀၄ ဦးဟာ ရခိုင်ပြည်နယ် ဂွမြို့ဘက်ကနေ မြေသယ်ကား ၃ စီးနဲ့ သယ်ဆောင်လာချိန်မှာ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ထဲက ရေနံသာစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရပြီး ခုလို ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရတာပါ။
မြေသယ်ကားတွေကို မောင်းနှင်လာတဲ့ မြန်မာနိုင်ငံသား ၄ ဦးကိုလည်း စစ်ကောင်စီလက်အောက်ခံ ရဲတွေက ဖမ်းဆီးတရားစွဲဆိုထားတယ်လို့ သိရပါတယ်။