close

ရေကြောင်းလမ်း

close

December 1, 2022

စစ်တွေ-မြောက်ဦး ရေကြောင်းလမ်းကို စစ်​ကောင်စီပြန်ဖွင့်ပေး

၃ လနီးပါးကြာ ပိတ်ထားတဲ့ စစ်တွေ-မြောက်ဦး ရေကြောင်းလမ်းကို ဒီဇင်ဘာ ၃ ရက်နေ့က စတင်ပြီး စစ်ကောင်စီက ပြန်လည်ပြေးဆွဲခွင့် ပြုလိုက်ပြီလို့ ရေကြောင်းလှိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။

နိုဝင်ဘာလ ၂၆ ရက်နေ့ကတည်းက စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်(အေအေ) တို့အကြား နှစ်ဖက်အပြန်အလှန်အပစ်ခတ် ရပ်စဲလိုက်ကြပြီးနောက် စစ်ကောင်စီက ရေကြောင်းလမ်းတချို့နဲ့ ကုန်းလမ်းတချို့တိုကို ပြန်လည်ဖွင့်ပေးလာခြင်းဖြစ်ပါတယ်။

​စစ်တွေ-မြောက်ဦး ရေကြောင်းလမ်းကို ဒီဇင်ဘာ ၃ ရက်နေ့မှာ ပြန်လည်ပြေးဆွဲဖို့ အစိုးရဘက်က အကြောင်းကြားလာတာကြောင့် စတင်ထွက်ခွာတော့မယ်လို့ ရွှေပြည်တန်အထူးရေယာဥ်ရဲ့ မန်နေဂျာ ဦးစံမော်သိန်းက ပြောပါတယ်။

"စစ်တွေ-မြောက်ဦး ရေလမ်းကြောင်းကို ဒီဇင်ဘာလ ၃ ရက်နေ့က စပြီး ပြေးဆွဲခွင့်ရပြီလို့ ကျနော့်ဆီကို အကြောင်းလာပါတယ်။ စစ်ပွဲကာလတုန်းက ပိတ်ပင်ခဲ့တဲ့ ရေကြောင်းလမ်း ၃ ခုလုံးကို ပြန်လည်ပြေးဆွဲခွင့်ပြုလိုက်ပြီ။ ကျနော်တို့ဆီကို အကြောင်းကြားလာတဲ့ အထဲမှာတော့ ကန်သတ်ချက်ဆိုတော့ ပါလာတာမရှိဘူး။ ကျနော်တို့ကလည်း အဓိက ခရီးသယ်တွေကိုပဲ တင်ဆောင်နေတာဖြစ်ပါတယ်။" 

စစ်တွေ၊ ဘူးသီးတောင်၊ ရသေ့တောင် ရေလမ်းကြောင်းနဲ့ စစ်တွေ၊ မြောက်ဦး ရေကြောင်းလမ်းတို့ကို စက်တင်ဘာလကတည်းက စစ်ကောင်စီက ပိတ်ပင်ခဲ့ပြီး စစ်တွေ၊ ပေါက်တော၊ မင်းပြား ရေလမ်းကြောင်းကိုလည်း အောက်တိုဘာ ၁၉ ရက်နေ့မှာ ပိတ်ပင်လိုက်တာဖြစ်ပါတယ်။

အခုလို ၃ လ နီးပါးကြာပိတ်ပင်ထားတဲ့ ရေကြောင်းလမ်းကို ဖွင့်ပေးလိုက်တာက မြောက်ဦးမြို့နယ်သားတွေအတွက် ကျန်းမာရေး၊ လူမှုရေးနဲ့ ကုန်စည်စီးဆင်းအတွက် အများကြီး အထောက်အကူပြုတယ်လို့ မြောက်ဦးမြို့ခံတဦးဖြစ်တဲ့ ကိုသန်းနိုင်က ပြောပါတယ်။

"ရွှေပြည်တန် ရေကြောင်းလိုင်းကို ပြန်လည်ပြေးဆွဲတာတွေ ရပြီဆိုတော့ ကျနော်တို့မြို့နယ်က လူတွေရဲ့ ကျန်းမာရေး၊ လူမှုရေးနဲ့ ကုန်စည်စီးဆင်းမှုက အစတော်တော်လည်းကို အဆင်ပြေသွားကြတာပေါ့ဗျာ။ ကျနော်တို့မှာ စစ်တွေ တခေါက်သွားဖို့ဆိုရင် ကားလမ်းကလည်း ပိတ်ထား၊ ရေကြောင်းလမ်းကလည်းပိတ်ထားတော့ မင်းပြား ပေါက်တောမြို့နယ်တွေဘက်က ပတ်ပြီးသွားနေရတော့ ကုန်ကျစရိတ်က ၃ ဆလောက်အထိ ကုန်ကျနေကြရတယ်။ အခုက တိုက်ရိုက် သွားခွင့်ရတယ်ဆိုရင်တော့ ကုန်ကျစရိတ်ရော၊ လမ်းကြောင်းကရော ပိုသက်သာပြီး ပိုအဆင်ပြေသွားတယ်" လို့ ပြောပါတယ်။

စစ်ကောင်စီက ရခိုင်ပြည်နယ်မှာ ကုန်ကြောင်းလမ်းတွေနဲ့ ရေကြောင်းလမ်းတွေကို သြဂုတ်လ ကတည်းက ပိတ်ပင်ထားခဲ့တာဖြစ်ပြီး နှစ်ဖက်အပစ်အခတ်ရပ်စဲပြီးနောက် ပြန်လည်ပြေးဆွဲခွင့်ပြုလာတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အေအေတို့ကြား တကျော့ပြန် ၄ လကျော်ကြာ တိုက်ပွဲပြင်းထန်လာပြီး နိုဝင်ဘာ ၂၇ ရက်နေ့မှာ နှစ်ဖက်စလုံးက အပစ်အခတ်ရပ်စဲလိုက်ကြတယ်လို့ ထုတ်ဖော်ပြောဆိုထားကြပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက ကုန်းလမ်း ရေလမ်းတစ်ချို့ကို ပြန်လည်ဖွင့်ပေးပေမဲ့ စစ်တွေ-ပုဏ္ဏားကျွန်း ကားလမ်းအပါဝင် မောင်တော-အငူမော်ကားလမ်းနဲ့ ကျောက်တော် ပလက်ဝ ရေကြောင်းလမ်းတွေကို ပိတ်ပင်ထားဆဲဖြစ်ပါတယ်။

9 hours Ago

September 3, 2022

ရခိုင်စစ်ဘေးရှောင်များ အရေးပေါ် အကူအညီလို၊ စစ်တပ်ရိက္ခာပြတ်ပြီး စစ်တွေ-ဘူးသီးတောင် ရေကြောင်းလမ်း ပိတ်

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင်တပ်တော်(အေအေ)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေလို့ စစ်ဘေးရှောင် အရေအတွက်များလာပြီး အရေးပေါ်အကူညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင် ပြည်သူတွေနဲ့ ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။

လတ်တလောကတော့ သူတို့က အိမ်တွေ၊ ရွာတွေကို ပစ်ပြီး ထွက်ခွာလာရလို့ စားရေးသောက်ရေး ကတော့ ပထမအခက်ခဲ ဖြစ်ပြီး နေရေးထိုင်ရေးကတော့ နီးစပ်ရာ ကျေးရွာတွေ၊ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ ဆွေမျိုးတွေဆီမှာ ခိုလှုံနေရတယ်လို့ ဆိုပါတယ်။

ဩဂုတ် ၃၁ ရက် နယ်ခြားမှတ်တိုင် ၄၀ တိုက်ခိုက်ခံရအပြီး စစ်ကောင်စီဘက်က အေအေအခြေပြုရာ ဝေလာတောင်ကြောကို ဝေဟင်က တောက်လျှောက်ပစ်ခတ်တိုက်ခိုက်နေပြီး စက်တင်ဘာ ၂ ရက်က တကြိမ်၊ စက်တင်ဘာ ၃ ရက် မနက်ပိုင်းက တကြိမ် တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခု ညနေ ၄ နာရီ ၂၀ မှာ  မောင်တောမြို့အရှေ့ဘက်က ဘူးသီးတောင်နဲ့ မောင်တောကြားရှိ မင်္ဂလာကြီးတောင်ဝန်းကျင်က အေအေ အထိုင်စခန်းငယ်တွေကို မြေပြင်ဝေဟင် ၂ ခု နဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေဆဲပဲလို့ သိရပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေကို အကူညီပေးနေတဲ့  စာရေးဆရာ ဝေဟင်အောင်က “စစ်ဘေး ရှောင်တွေကတော့ တောက်လျှောက်တိုးလာနေပြီး စာရင်းတွေ တက်နေပေမဲ့ စာရင်းကတော့ချုပ် လို့ မရသေးဘူး။ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်နဲ့ မြောက်ဦး မြို့နယ်တွေက လတ်တလော စစ်ဘေးရှောင်အရေအတွက်ကတော့ ၅၀၀၀ လောက်ရှိတယ်”လို့  ပြောပါတယ်။

အခုလတ်တလော နှစ်ဘက်ထိတွေ့တိုက်ပွဲတွေရှိနေပြီး တချို့ရွာတွေကတော့ တိုက်ပွဲ ဖြစ်တာ မရှိသေးပေမဲ့ ကြိုတင်ထွက်ပြေးတိမ်းရှောင်လာတဲ့သူတွေ ရှိနေပြီး ဒီအတိုင်းသာ စစ်ပွဲတွေ ထပ်ဖြစ်နေရင်တော့ စစ်ဘေးရှောင်တွေကတော့ ကြီးကြီးမားမားတိုးလာမယ်လို့ မြင်နေတယ်လို့ ကိုဝေဟင်အောင်က ပြောပါတယ်။

အောင်ဗလရွာ ဘုန်ကြီးကျောင်းမှာတော့ လေယာဉ်နဲ့လက်နက်ကြီး ပစ်ခတ်လို့ တိမ်းရှောင်လာတဲ့ စစ်ရှောင် ၁၄၉ ယောက် လက်ခံထားပြီး ကျေးရွာထဲက ထမင်းထုတ်တွေအလှူခံပြီး ကျွေးမွေးစောင့်ရှောက်ထားတယ်လို့ အောင်ဗလရွာကျောင်းထိုင်ဆရာတော်ဦးသုစိတ္တမာလက မိန့်ပါတယ်။

နှစ်ဘက်တိုက်ပွဲတွေကြောင့် မောင်တောမြို့နယ်ထဲက တရိန်း၊ ဖားဝပ်ချောင်း၊ ရန်အောင်ပြင်၊ တောင်ပြိုလက်ဝဲ၊ တမန်းသား၊ လောင်းဒုံ၊ အောင်မင်္ဂလာ၊ အောင်သာယာနဲ့ မင်းခမောင်း ကျေးရွာက ဒေသခံတွေဟာ အခုချိန်မှာတော့ ဘေးလွတ်ရာ ထွက်ပြေးနေကြရတာပါ။

ရန်အောင်ပြင်ရွာက စစ်ဘေးရှောင် အမျိုးသမီး တဦးက “စစ်တပ်က လေယာဥ်တွေနဲ့ မကြာခဏလာ  ဗုံးကြဲပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ရွာမှာ မနေရဲကြဘူး။ ကျမတို့ ရွာနားက မင်းကြီးကျေးရွာမှာလည်း ပြီးခဲ့တဲ့ တပတ်ကျော်လောက်က လက်နက်ကြီး ထိလို့ အဘွားအို တဦး သေဆုံးခဲ့တာကြောင့် အခုလို ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့တယ်”လို့ ပြောပါတယ်။

သြဂုတ် ၁၃ ရက်ကစပြီ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ချိန်ခါလီကျေးရွာနဲ့ ကျောင်ပန္ဒူကျေးရွာနားမှာ အေအေ နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲတွေကြာမြင့်လာတာကြောင့် မောင်းတောမြောက်ပိုင်းက စစ်ကောင်စီတပ်ဖွဲတပ်ရင်းတွေ ရိက္ခာများပြတ်လပ်နေကြောင်း နယ်ခြားစောင့်အရာရှိ တဦးက ပြောပါတယ်။

လတ်တလော မောင်တောမြို့နယ်မြောက်ပိုင်းက ဖားဝပ်ချောင်းကျေးရွာမှ ကြိမ်ချောင်း လမ်းတလျှောက် အေအေတပ်ဖွဲဝင်တွေက နေရာယူထားတာကြောင့် စစ်ကောင်စီတပ်တွေအနေနဲ့  ရိက္ခာနဲ့ လူအင်အား မဖြည့်တင်းနိုင်ကြဘူးလို့ သိရပါတယ်။

ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေစဖြစ်တည်းက စစ်ကောင်စီက အေအေကို ရိက္ခာပြတ်အောင် လမ်းတွေပိတ်၊ ရိက္ခာပြတ်အောင် လုပ်ပေမဲ့ တကယ်ပြတ်သွားတာက စစ်ကောင်စီတပ်တွေ ဖြစ်နေတယ်လို့  မောင်တောမြောက်ပိုင်းဒေသခံတဦးက ပြောပါတယ်။

ရိက္ခာပြတ်လပ်မှုနဲ့ အေအေလွှမ်းမိုးလာတာကြောင့် မောင်တောမြောက်ပိုင်းက နယ်ခြားစောင့် စခန်းငယ် ၃၀ လောက် နောက်ဆုတ်ပေးလိုက်ရပြီး လက်ရှိ ကြိမ်ချောင်း ၂၄ ဂိတ်အပါအဝင် နခခ(၇) နဲ့ အခြားနယ်ခြားစောင့်စခန်းငယ် ၁၀ ခန့် ရိက္ခာပြတ်လပ်တာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ နယ်ခြားစောင့်အရာရှိတချို့ထံက သိရပါတယ်။

ရခိုင်ပြည်နယ်တွင်းတိုက်ပွဲစတင်ဖြစ်ပွားပြီးနောက် ဩဂုတ် ၁၄ ရက်ကစလို့  မောင်တော-အငူမော် လမ်းကို ပိတ်လိုက်တာဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးအတွက် မေယုမြစ်ကို သုံးပြီး စစ်တွေ-ဘူးသီးတောင်ရေကြောင်းလမ်းကို ဇက်ဖြင့် သွားလာနေရာက စက်တင်ဘာ ၂ ရက်ညနေပိုင်းက ညောင်ချောင်းကျေးရွာရောက်  အေအေတပ်ဖွဲ့က မြစ်တွင်းသွားဇက်ကို စစ်ဆေးခဲ့ပြီးနောက်ပိုင်း စက်တင်ဘာ ၃ ရက်ကစလို့ အဲဒီရေကြောင်းလမ်းကို ပိတ်လိုက်ပြီလို့  ဇက်ရေယာဥ်ရဲ့ တာဝန်ရှိသူ တဦးက ပြောပါတယ်။

တိုက်ပွဲတွေနဲ့ပတ်သက်လို့  ဒေသခံလူကြီး တဦးက  "ဒုက္ခရောက်တာက ပြည်သူတွေပါ။ ဘယ်စစ်ပွဲဖြစ်ဖြစ် စတေးပေးရတာ ပြည်သူပါ။ ရိက္ခာဖြတ်လည်း ပြည်သူခံရမယ်။ လမ်းတွေ ပိတ်လည်း ပြည်သူ ဒုက္ခရောက်မယ်။ အခု တိုက်ပွဲတွေကြောင့် မောင်တောမြောက်ပိုင်းမှာ စာသင်ကျောင်းတွေ အားလုံးပိတ်ထားရပြီ။  ဝန်ထမ်းတွေ၊ ဒေသခံသက်ကြီးရွယ်အိုတွေ၊  ကလေး တစ်ထောင်ကျော်လောက် စစ်ဘေးရှောင် နေကြရတယ်။ စားနပ်ရိက္ခာတွေ ပြတ်လို့ ငတ်ကုန်ကြ ပြီ။ အခု စစ်တိုက်နေတဲ့ လက်နက်ကိုင် ၂ ဖက်လုံးက အခုထိ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘူး။"လို့ ပြောပါတယ်။

3 months Ago
Up