အိန္ဒိယနိုင်ငံတဝန်းမှာ စက်တင်ဘာ ၁၉ ရက်က ဟိန္ဒူဆင်နတ်ဘုရား ဂနေရှရဲ့ ရုပ်တုကို ရေထဲချတဲ့ အခမ်းအနားဆီ ဝတ်ပြုသူအယောက် ထောင်ချီတက်ရောက်ခဲ့ပါတယ်။
နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ဦးရေ တိုးနေချိန်မှာ သီတင်းပတ် တပတ်အတွင်း ပွဲလမ်းတွေ ကျင်းပနေတာပါ။ ဟိန္ဒူ ယုံကြည်ချက်အရ ဆင်နတ်ဘုရားရဲ့ ရုပ်တုတွေကို ပင်လယ်ထဲ၊ မြစ်တွေထဲနဲ့ ရေကန်တွေထဲမှာ နှစ်ပြီး ဝတ်မပြုခင် ဆင်နတ်ဘုရားရုပ်တုတွေကို အနုစိတ် ဆေးခြယ်ပြီး အဆင်တန်ဆာတွေ ဆင်ယင်ပေးထားပါတယ်။
ဝိဆာဂျန်လို့ လူသိများတဲ့ ဒီအခမ်းအနားဟာ ဂနေ့ရှ်ချာသာသီပွဲတော်အတွက် ဝတ်ပြုခံအပြီး နတ်ဘုရားတွေ အိမ်ပြန်တဲ့ အထိမ်းအမှတ် ဆင်ယင် ကျင်းပတာလို့ ဆိုပါတယ်။
အိန္ဒိယနိုင်ငံမှာ ကျန်ခဲ့တဲ့ ၂၄နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် အသစ်ကူးစက်ခံ ဦးရေ ၃သောင်းကျော် ရှိတယ်လို့ တနင်္ဂနွေနေ့က အစီရင်ခံ ထားပါတယ်။ ဒါကြောင့် စုစုပေါင်း ကူးစက်ခံ အတည်ပြုလူဦးရေ ၃၃ ဒသမ ၄သန်း ရှိနေပါပြီ။
နိုင်ငံခြားသား ခရီးသည်တွေအတွက် ပြည်ဝင်ခွင့် ပြန်ဖွင့်ပေးဖို့နဲ့ ပြည်သူတွေကို ကာကွယ်ပေးဖို့ အိန္ဒိယနိုင်ငံအတွင်း ကာကွယ်ဆေး ထိုးဆေးလုံးရေ ၈၀၄ ဒသမ ၃သန်းကို ကြီးကြပ် ထိုးနှံ ပေးပြီးပြီလို့ ဝန်ကြီးချုပ် နရင်ဒြာ မိုဒီက စက်တင်ဘာ ၁၈ ရက်မှာ ပြောခဲ့ပါတယ်။