close

ရေချိုငါးလိပ်ကျောက်

close

June 21, 2022

မဲခေါင်မြစ်အတွင်း ကမ္ဘာ့အကြီးဆုံး ရေချိုငါးလိပ်ကျောက်ကြီး ၁ ကောင်တွေ့ရှိ

မဲခေါင်မြစ်ထဲမှာ ကမ္ဘာ့အကြီးဆုံး ရေချိုငါးကြီးအဖြစ် မှတ်တမ်းတင်ရမယ့် ရေချိုငါးလိပ်ကျောက်ကြီးတကောင်ကို ကမ္ဘောဒီးယားရွာသားတွေက တွေ့ရှိခဲ့တယ်လို့ သုတေသန ပညာရှင်တွေက ပြောပါတယ်။

အဆိုပါ ငါးလိပ်ကျောက်ကြီးဟာ အလေးချိန်အားဖြင့် ၆၆၁ ပေါင် (၃၀၀ ကီလိုဂရမ်လောက်) ရှိပြီး ကမ်းခြေကို ဆွဲတင်ဖို့အတွက် လူပေါင်း တဒါဇင်လောက် အကူအညီယူခဲ့ရတယ်လို့ ဆိုပါတယ်။

ခမာဘာသာစကားနဲ့ ဘိုးရမီ-လပြည့်လို့ အမည်ပေးထားတဲ့ ဒီငါးကြီးဟာ အမတကောင်ဖြစ်ပြီး အရှည် ၄ မီတာ(၁၃ပေ)ရှိကာ သူ့ကို သိပ္ပံပညာရှင်တွေက ရေအောက်က အပြုအမူတွေ၊ လှုပ်ရှားမှုတွေကို တိုင်းတာနိုင်မယ့် ခြေရာခံစောင့်ကြည့်ကိရိယာတွေ တပ်ဆင်ပေးပြီးနောက် ရေထဲကို ပြန်လွှတ်ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဇီဝဗေဒပညာရှင်တယောက်လည်းဖြစ်၊ နေရှင်နယ်ဂျီအိုဂရပ်ဖစ်ချန်နယ်လ်ရဲ့ Monster Fish အစီအစဉ်တင်ဆက်သူဟောင်း တယောက်လည်းဖြစ်တဲ့ ဇက်ဘ် ဟော်ဂန်က “ဒါဟာ တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့သတင်းပါပဲ။ ဘာလို့လဲဆိုတော့ ကမ္ဘာ့အကြီးဆုံး ရေချိုငါးဖြစ်တယ်လေ။ ပြီးတော့လည်းပဲ မဲခေါင်မြစ်ဟာ ခုထိ ကျန်းမာနေဆဲဆိုတဲ့ အဓိပ္ပါယ်ပဲပေါ့။ ဒါဟာ ဒီမှာ ငါးကြီးတွေ ဆက်လက်ပြီးတော့ ရှင်သန်နေဆဲပဲဆိုတဲ့ မျှော်လင့်ချက်လက္ခဏာ တခုပဲ။”လို့ ပြောပါတယ်။ 

ရေချိုငါးလိပ်ကျောက်ကြီး-ဘိုးရမီကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ကမ္ဘောဒီးယားနိုင်ငံမြောက်ပိုင်း မြစ်ကမ်းတလျှောက် ကျွန်းတကျွန်းဖြစ်တဲ့ ခိုပရေရာမှာ ငါးဖမ်းသမားတယောက်က ဖမ်းမိခဲ့တာဖြစ်ပြီး အစပိုင်းမှာတော့ သူက အန္တရာယ်ရှိ ရေသတ္တဝါ မျိုးစိတ်တကောင်ကောင်ဖြစ်မယ်လို့ ထင်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဒီရေချိုငါးလိပ်ကျောက်ကြီးဟာ အရင်က ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ ၂၀၀၅ ခုနှစ်က ဖမ်းမိခဲ့ပြီး အလေးချိန် ၆၄၅ ပေါင် (၂၉၃ ကီလိုဂရမ်) နဲ့ စံချိန်တင်အကြီးဆုံး ရေချိုငါးကြီးအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ငါးခူထက် ပိုပြီးတော့ ကြီးမားတာမို့ စံချိန်ထပ်မံတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝတဲ့ မဲခေါင်မြစ်ဟာ တိဘက်ကတောင်တန်းတွေကနေ အစပြုလာပြီး တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေကို ဖြတ်သန်းစီးဆင်းတဲ့ ကမ္ဘာ့တတိယမြောက် ငါးမျိုးကွဲမျိုးစိတ် အများဆုံးရှိတဲ့ မြစ်တခုဖြစ်ပါတယ်။

အလွန်အကျွံ ငါးဖမ်းတာ၊ ဆည်ဆောက်တာ၊ ရေထုညစ်ညမ်းတာတွေကြောင့် ထိလွယ်ရှလွယ်တဲ့ ဂေဟစနစ် ခြိမ်းခြောက်မှု ကြုံနေရပါတယ်။

မြစ်အတွင်း ငါးအလွန်အကျွံဖမ်းဆီးတာ၊ ဆည်ဆောက်တာ၊ ရေထုညစ်ညမ်းတာ၊ ရေငန်ဝင်ရောက်တာတွေနဲ့ မြစ်ကြောင်းတိမ် အနည်ကျမှုတွေကြောင့် ထိလွယ်ရှလွယ်တဲ့ ဂေဟစနစ် ခြိမ်းခြောက်မှု ကြုံနေရပါတယ်။

1 min Ago
Up