မကွေးတိုင်း ရေစကြိုမြို့နယ်မှာ ဖေဖော်ဝါရီ ၂၄ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ပျူစောထီး တွေ တိုက်ခိုက်ခံခဲ့ရပြီး ၉ ယောက်ထက် မနည်းသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြို မြို့နယ် ပ.က.ဖ ကနေ သိရပါတယ်။
ဇီးတောပျူစောထီးရွာကို မနေ့မနက် ၆ နာရီမှာ ဒေသကာကွယ်ရေးတပ်တွေ ၄ နာရီကြာ စီးနင်းတိုက်ခိုက်ခဲ့သလို စစ်တပ်က လေကြောင်း ပစ်ကူပေးခဲ့တယ်လို့ ရေစကြို ပ.က.ဖ ခေါင်းဆောင် ရဲဘော်ဝေကြီးက ပြောပါတယ်။
“အဲဒီပျူစောထီးရွာကို စီးနင်းနိုင်ပြီးတော့ ခမရ ၂၅၇ တပ်ရင်းဘက်က စစ်ကူမလာနိုင်အောင် အဲဒီတပ်ရင်းထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်။ ရေစကြိုဘက်ကနေ ထွက်လာတဲ့ စစ်သားတွေပါတဲ့ ၁၂ ဘီးကား တစီးကိုလည်း ငါးမွေးမြူရေးခြံနားမှာ ပဒေသာမိုင်း ၃ လုံးနဲ့ မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်။”
အဲဒီတိုက်ခိုက်မှုအတွင်း ကားထိခိုက်ပျက်စီးသွားပြီး စစ်ကောင်စီတပ်သား ၄ ယောက် ထက်မနည်း သေဆုံးကာ ဒဏ်ရာတဲ့သူတွေကို ခမရ ၂၅၈ တပ်ရင်းထဲ တွဲခေါ်သွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဇီးတောကျေးရွာ စာသင်ကျောင်းမှာ ဘန်ကာတွေလုပ်ပြီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကိုလည်း ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ ၅ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစာသင်ကျောင်းကို ဝင်ရောက်ချေမှုန်းဖို့ လုပ်တဲေအချိန် တိုက်ခိုက်ရေး ရဟတ်ယာဥ်နဲ့ ၁ နာရီကျော်လောက်ကြာအောင် လေကြောင်းပစ်ကူပေးခဲ့သလို ခလရ ၂၅၇ တပ်ရင်းက ၆၀မမ တွေနဲ့ ပစ်ကူကာ စစ်ကောင်စီဘက်က စစ်ကြောင်း ၂ ကြောင်း တပ်ကူလိုက်လာလို့ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို ရေစကြို ပ.က.ဖ၊မြိုင် ပ.က.ဖနဲ့ ပခုက္ကူခရိုင် အမှတ်(၉) တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ ထိခိုက်မှု မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၃ ရက် ညကလည်း မကွေးတိုင်း ပခုက္ကူမြို့မှာ လှည့်ကင်းထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၂ ယောက် သေဆုံးကာ PDF ရဲဘော် တယောက် ဒဏ်ရာရခဲ့တယ်လို့ Special Guerrilla Force-SGF ပခုက္ကူက သိရပါတယ်။
မြို့ရှောင်လမ်း တနေရာမှာ ဖေဖော်ဝါရီ ၂၃ ရက် ည ၈ နာရီလောက်က စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေကို လက်နက်ငယ်တွေအပြင် M 79(၄၀မမ) ၄ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ SGF ရဲ့ တာဝန်ခံ ဗိုက်ကလေးက ပြောပါတယ်။
မိနစ်အနည်းငယ်ကြာအောင် အပြန်အလှန် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်တပ်စွဲထားတဲ့ တက္ကသိုလ်နဲ့ နီးကပ်နေတဲ့အတွက် အမြန် ဆုတ်ခွာခဲ့ကြတယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၂ ယောက် သေဆုံးကာ ၂ ယောက် ဒဏ်ရာ ရရှိခဲ့ပြီး PDF ရဲဘော် တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်း မထုတ်ပြန်ပါဘူး။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှာ စက်တင်ဘာ ၂၁ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့လို့ စစ်ကောင်စီဘက်က သေဆုံးသူရှိနိုင်ပြီး အများအပြား ဒဏ်ရာရရှိကာ PDF ရဲဘော်တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေါင်းညီနောင် PDF ကနေ သိရပါတယ်။
ဒေါင်းညီနောင် PDF ခေါင်းဆောင် ဗိုလ်ကျွဲကြီးက “ရေလယ်ကျွန်းဒေသ မင်းရွာမှာ တပ်စွဲထားတဲ့ စစ်(...)တွေဟာ ပျူ(...)တွေကို တိတ်တဆိတ် သင်တန်းပေးနေတယ်လို့ သတင်းရတဲ့အတွက် မနေ့က စက်တင်ဘာ ၂၁ ရက်နေ့ နေ့လယ်ပိုင်းမှာ ညီနောင်မဟာမိတ်တပ်ဖွဲ့ ၅ ဖွဲ့ ပူးပေါင်းပြီး တောကျီးကန်းစစ်ဆင်ရေး ပြုလုပ်ခဲ့တာ။ အဲဒီစစ်(...)တွေကို ကျနော်တို့ဘက်က ၄၀ မမတွေနဲ့ စတင်ပစ်ခတ်ခဲ့လို့ သူတို့ဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်လို့ ၁၀ မိနစ်လောက် တိုက်ပွဲဖြစ်ပွားကာ သူတို့ဘက်က သေဆုံးသူရှိနိုင်ပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်းမှာ မဟာမိတ်တပ်ဖွဲ့ဘက်က ရဲဘော်တယောက်ရဲ့ ဦးခေါင်းကို လက်နက်ကြီးကျည်စ ရှပ်ထိပြီး ဒဏ်ရာရရှိခဲ့လို့ ပြန်လည်ဆုတ်ခွာခဲ့ရကာ ဒဏ်ရာအခြေအနေကတော့ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
ရေစကြိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စိုးမိုးထိန်းချုပ်နယ်မြေတွေ များပြားလာလို့ စစ်ကောင်စီက အင်အားအလုံးအရင်း အသုံးပြုပြီး ထိုးစစ်ဆင်ကာ ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားလာသလို ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေနဲ့ အဖိုးတန်ပစ္စည်းတွေကို ခိုးယူတာ၊ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။