မကွေးတိုင်း ရေစကြိုမြို့နယ်မှာ ဇန်နဝါရီ ၂၀ ရက် မွန်းလွဲပိုင်းက ဒေသခံ တယောက်ကို စစ်တပ်က ဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖူလုံကျေးရွာက ကိုရဲထွန်းအောင်ကို မနေ့ မွန်းလွဲ ၁ နာရီလောက်မှာ တမာတန်းလမ်းဆုံမှာ ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာမှာ PDF တွေကို ထောက်ခံတဲ့ စာသားတွေ ရေးသား ဖြန့်ဝေတယ်လို့ဆိုပြီး ဖမ်းဆီးသွားတာလို့ ရေစကြို ဒေသခံတယောက်က ပြောပါတယ်။
အဲဒီနောက် ကိုရဲထွန်းအောင်ရဲ့ လက်ကိုင်ဖုန်းကို သိမ်းဆည်းပြီး ရေစကြိုမြို့မရဲစခန်း စစ်ကြောရေးကို ခေါ်ဆောင်သွားကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေဟာ ရေစကြို မြို့ဝင်၊ မြို့ထွက်ဂိတ်တွေမှာ ခရီးသွားတွေကို နေ့စဥ် စစ်ဆေးပြီး အကြောင်းအမျိုးမျိုပြ ဖမ်းဆီးကာ ငွေညှစ် နေတယ်လို့လည်း ဆိုကြပါတယ်။
စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ဇန်နဝါရီ ၂၀ ရက်အထိ နိုင်ငံတဝန်း ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၃၆၁၉ ယောက်အနက် ၂၁၅၅ ယောက် ထောင်ဒဏ်ကျနေတယ်လို့ AAPP က ဇန်နဝါရီ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။
မကွေးတိုင်း ရေစကြိုမြို့နယ်မှာ အောက်တိုဘာ ၂၀ ရက် မနက်ပိုင်းက ဒေသခံတယောက်ကို စစ်အုပ်စုတွေက NUG/PDF ထောက်ပံ့သူလို့ စွပ်စွဲပြီး ဖမ်းဆီးသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပခန်းကြီးဒေသခံတယောက်က “ရေစကြိုမြို့ ပခန်းကြီးမြို့ဟောင်းက ကိုအောင်ကျော်စိုးကို မနေ့ မနက်ပိုင်းမှာ NUG/PDF ကို ထောက်ပံ့ပြီး ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ မဟုတ်မမှန်သတင်းတွေ ရေးသားဖြန့်ဝေတယ်လို့ စွပ်စွဲပြီး လာဖမ်းသွားကြတာ” လို့ ပြောပါတယ်။
ကိုအောင်ကျော်စိုးဟာ ပခန်းကြီးမှာ စတိုးဆိုင်ဖွင့်ထားပြီး စစ်ကောင်စီတပ်ဖွဲ့က ဆိုင်အတွင်း မွှေနှောက်ရှာဖွေကာ လက်ကိုင်ဖုန်းတွေကိုပါ သိမ်းဆည်းသွားကြပြီး ရေစကြိုမြို့မရဲစခန်း စစ်ကြောရေးကို ခေါ်ဆောင်သွားကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ဒေသခံပြည်သူတွေနဲ့ NLD ပါတီ ထောက်ခံဝန်းရံသူတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့ဝင်၊ PDF ထောက်ပံ့သူ၊ မမှန်သတင်း ရေးသား ဖြန့်ဝေသူလို့ ခေါင်းစဥ်အမျိုးမျိုးတပ်ပြီး ဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေတာပါ။
စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ အောက်တိုဘာ ၂၀ ရက်အထိ နိုင်ငံတဝန်း ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၂,၇၀၅ ယောက်အနက် ၁,၅၈၉ ယောက် ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီ စောင့်ရှောက်ရေးအသင်း (အေအေပီပီ) က အောက်တိုဘာ ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။