close

ရေစကြိုမြို့မရဲစခန်း

close

April 24, 2023

မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်တို့တွက် စစ်တပ်က ရွာမီးရှို့၊ ရေစကြိုမြို့မရဲစခန်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဧပြီ ၂၄ ရက် မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်း ညောင်တွင်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းက ဧပြီ ၂၂ ရက် မနက် ၆ နာရီခွဲလောက်မှာ မင်းကန်ရွာကို သေနတ်တွေနဲ့ပစ်ခတ်ပြီး ရွာထဲကိုဝင်လာသို အဲဒီနောက် မင်းကန်ရွာမှာ တညအိပ်ပြီး ပန်းတိုင်တောရွာဘက်ကိုမနေ့ မနက် ၆ နာရီလောက်မှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာတာလို့  ပန်းတိုင်းတောကျေးရွာ ဒေသခံက ပြောပါတယ်။

ပန်းတိုင်းတောရွာနားက တောထဲက ကာကွယ်ရေးစခန်းတခုနဲ့ ကားတစီးကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးပြီး ပန်းတိုင်းတောအရှေ့ ဘုန်းကြီးကျောင်းကို ဝင်ရောက်စခန်းချခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီနောက် ပြည်သူတွေမွေးမြူထားတဲ့ ကြက်တွေကို သတ်ဖြတ်စားသောက်တဲ့အပြင် ဘုန်းကြီးကျောင်းရဲ့ တောင်ဘက် တအိမ်ကျော်က နာရေးအိမ် ရက်လည်မှာ ကျွေးမွေးဖို့ ချက်ပြုတ်ထားတဲ့ အမဲသားဟင်းတွေနဲ့ ထမင်းတွေ အားလုံးကိုလည်း စားသောက်သွားကြပြီး ဘုန်းကြီးကျောင်းသုံးပစ္စည်း၊ စာကြည့်တိုက်မှာထားတဲ့ ပစ္စည်းတွေအားလုံးကို ဖျက်ဆီးသွားတယ်လို့ ပြောပါတယ်။

ဒီနေ့ ဧပြီ ၂၄ ရက် မနက်ပိုင်းမှာ ရွာရဲ့ အနောက်မြောက်ဘက်ကို အထွက်ပြပြီး အရှေ့တောင်ဘက်ကို ထွက်သွားကာ ညောင်တွင်း(အနောက်)ရွာက နေအိမ် ၃၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

စစ်ကောင်စီဘက်က စစ်ကြောင်းထိုးနေလို့ မင်းကန်၊ ပန်းတိုင်းတော၊ ညောင်တွင်း၊ အိုင်းမ၊ မြို့တင်၊ စိုင်ခေါင်း၊ ဒဟတ်ချောက် ကျေးရွာတွေက ဒေသခံပြည်သူတွေ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။

အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်းက ကျေးရွာ ၂ ရွာကို ဧပြီ ၂၄ ရက် မနက်ပိုင်းနဲ့ မွန်းလွဲပိုင်းတွေမှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေက မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပေါက်မြို့နယ်တောင်ပိုင်း ဇီးတောကျေးရွာကို ဒီနေ့ ဧပြီ ၂၄ ရက် မနက် ၁၁ နာရီကျော်လောက်မှာ သစ်ချိုကုန်း၊ ပင်ထောင်၊ ဝန်ခြုံး ပျူရွာက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ဝင်ရောက်မီးရှို့ခဲ့ကြတာလို့ ဇီးတောကျေးရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ဇီးတောရွာကို စစ်ကောင်စီက ၄ ကြိမ်လောက် မီးရှို့ဖျက်ဆီးခဲ့လို့ ရွာလုံးကျွတ်နီးပါး မီးလောင်ဆုံးရှုံးခဲ့ရပြီး အခု လက်ကျန်အိမ်တွေကို ထပ်ရှို့နေကြတာ။”

ဒါ့အပြင် အဲဒီစစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေဟာ သရဖီကျေးရွာကိုလည်း ဒီနေ့ မွန်းလွဲ ၁ နာရီလောက်မှာ မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။

မီးခိုးလုံးတွေ မီးတောက်တွေ အဝေးကနေ လှမ်းမြင်နေရပြီး သူတို့ရှိနေသေးတာကြောင့် အိမ်ခြေဘယ်နှစ်အိမ် မီးလောင်ကျွမ်းခဲ့တယ် ဆိုတာကိုတော့ အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ဝင်ရောက်မီးရှို့နေလို့ ဇီးတော၊ တောင်ရွာ၊ သရဖီကျေးရွာတွေနဲ့ အနီးပတ်ဝန်းကျင်ကျေးရွာတွေက ဒေသခံပြည်သူတွေ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ဆိုပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အာဏာကို သိမ်းပိုက်ပြီးနောက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ မကွေးတိုင်အတွင်းကကျေးရွာတွေကို စစ်ကြောင်ထိုးပြီး မီးရှို့ဖျက်ဆီးခဲ့လို အိမ်ခြေပေါင်း ၉၀၁၉ လုံးမီးလောင်ဆုံးရှုံးခဲ့ကာ တနိုင်ငံလုံးအတိုင်းတာနဲ့ အိမ်ခြေပေါင်း ၆၀၄၅၉ အိမ်ကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ Data For Myanmar က မတ်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့မရဲစခန်းကို ဧပြီ ၂၃ ရက် မွန်းလွဲပိုင်းက တာဝေးပစ်လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖ မိုးကြိုးတပ်ခွဲကနေ သိရပါတယ်။

ရေစကြို ပကဖ မိုးကြိုးတပ်ခွဲ တာဝန်ခံ ကိုမိုးကြိုးက “ရေစကြိုမြို့မရဲစခန်းကို ဧပြီလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာ လက်လုပ်ပြောင်းနဲ့ ၂ ချက် သွားပစ်တာ။ ရဲစခန်းဝင်းထဲမှာ တလုံး ကျရောက်ပေါက်ကွဲပြီး နောက်တချက်ကတော့ သူတို့ရဲတွေနေတဲ့ အဆောင်ကိုကျတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်ပေမဲ့ အတိအကျ မသိရသေးဘဲ ပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော်တွေတော့ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ရေစကြိုမြို့မှာ ဧပြီ ၂၀ ရက် မနက်ကလည်း စစ်ကောင်စီကားတစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖ ကနေ သိရပါတယ်။

2 mins Ago

August 16, 2021

ရေစကြိုမြို့မရဲစခန်းဝင်းအတွင်း ဗုံးပေါက်ကွဲ

မကွေးတိုင်း၊ ရေစကြိုမြို့က ငါးရာပြည့်ရပ်ကွက်ရှိ အမှတ်-၇ နယ်မြေ မြို့မရဲစခန်းဝင်းထဲမှာ  သြဂုတ် ၁၆ ရက် ဒီညနေ ၃ နာရီဝန်းကျင်လောက်က ဗုံးတလုံး ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

“ဗုံးပေါက်တဲ့အသံ အကျယ်ကြီး ကြားလိုက်တယ်။ ရဲစခန်းဝင်းထဲကဆိုတော့ ဘာတွေ ဖြစ်ကုန်တယ်ဆိုတဲ့သတင်း မကြားရဘူး။  (--)  သေကုန်မှ နားအေးမှာ။ PDF ကလုပ်တာဆိုရင်လည်း ကလေးတွေ အန္တရယ်ကင်းအောင်လုပ်ကြပါလို့” ဒေသခံပြည်သူတဦးက ပြောပါတယ်။

အမှတ် ၇ နယ်မြေ မြို့မရဲစခန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာ တာဝန်ကျရဲအရာရှိက လက်ခံဖြေဆိုဖို့ ငြင်းဆိုတဲ့အတွက် ထိခိုက်ပျက်စီးမှုကို အတည်မပြုနိုင်သေးပါဘူး။

ရဲစခန်းအတွင်း ဗုံးပေါက်ကွဲပြီးတဲ့နောက်မှာ ရဲနဲ့ စစ်သားတွေဟာ ရေစကြိုမြို့ပေါ်မှာ လမ်းသွားလမ်းလာတွေကို ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရေစကြိုမြို့ အမှတ်-၇ နယ်‌မြေ မြို့မရဲစခန်း ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်က သူတို့လက်ချက်လို့ ထုတ်ဖော်ကြေညာထားပြီး စစ်အာဏာရှင်အမြစ်ပြတ်တဲ့အထိ ဆက်လက် ဆောင်ရွက်မယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

2 years Ago
Up