close

ရေတွင်း

close

May 10, 2023

စပိန်တွင် တရားမဝင် ရေတွင်းတူးအသုံးပြုသူ ၂၆ ဦး ဖမ်းဆီးခံရ

စပိန်နိုင်ငံမှာ ဆက်တိုက်ဆိုသလို မိုးခေါင်ရေရှားမှု ဖြစ်နေတာကြောင့် နိုင်ငံတောင်ပိုင်းက အပူပိုင်းဒေသ သစ်သီးတွေစိုက်ပျိုးရာမှာ အသုံးပြုတဲ့ တရားမဝင် ရေတွင်းတူးသုံးကြတဲ့ လူပေါင်း ၂၆ ယောက်ကို ဖမ်းဆီးခဲ့ကြောင်း စပိန်ရဲတပ်ဖွဲ့က မေ ၉ ရက်မှာ ပြောပါတယ်။

အာဏာပိုင်တွေဟာ ၄ နှစ်ကြာ စုံစမ်းစစ်ဆေးမှုအတွင်း စပိန်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အန်ဒါလူစီယာ တောင်ပေါ်နယ်မြေရှိ မာလာဂါပြည်နယ်ထဲက အဆာ့ကီယာဒေသ အုပ်ချုပ်ရေးနယ်မြေမှာ တရားမဝင် ရေတွင်းတွေ၊ တုံကင်ရေတွင်းတွေနဲ့ ရေကန်ပေါင်း ၂၅၀ ကျော်ကို တွေ့ရှိခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ယူရို ၁၀ သန်းကျော်ရှိကြောင်း သိရပါတယ်။

ဖမ်းဆီးခံရသူတွေကို သဘာဝသယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြစ်မှုတွေနဲ့ အများပိုင်ရေတွေကို အလွဲသုံးစားလုပ်မှု စွပ်စွဲချက်တွေအပြင် အားလုံး သဘာဝပတ်ဝန်းကျင် ပျက်စီးမှု အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ အပူပိုင်းဒေသ ကောက်ပဲသီးနှံတွေ စိုက်ပျိုးရေးအတွက် ရေကို လိမ်လည်သုံးစွဲမှု စွပ်စွဲချက်တွေနဲ့လည်း စုံစမ်းစစ်ဆေးနေပါတယ်။

စပိန်နိုင်ငံဟာ ဥရောပမှာ ရေအမြောက်အမြား လိုအပ်တဲ့ ထောပတ်သီး၊ လိမ္မော်သီးတို့လို အပူပိုင်းသစ်သီးဝလံတွေကို အများဆုံး ထုတ်လုပ်တဲ့နိုင်ငံ ဖြစ်ပါတယ်။

မြင့်မားတဲ့အပူချိန်နဲ့ ရေရှားပါးမှုတို့ကြောင့် အခုနှစ်မှာ ထောပတ်သီးအထွက်နှုန်း ၂၅ ရာခိုင်နှုန်း ကျဆင်းသွားလိမ့်မယ်လို့ လုပ်ငန်းရှင်တွေက ခန့်မှန်းကြပါတယ်။

၂၀၂၁ ခုနှစ် ဇွန်လက အဆာ့ကီယာ ဧရိယာကို ကာလရှည်မိုးခေါင်မှုအဖြစ် ကြေညာခဲ့ပါတယ်။

စပိန်နိုင်ငံဟာ လက်ရှိမှာ အဆိုးရွားဆုံး မိုးခေါင်ရေရှားမှု ကြုံတွေ့နေရပြီး ၁၉၆၁ ခုနှစ် မှတ်တမ်းတွေ စတင်ချိန်ကတည်းက အပူဆုံး ဧပြီလ ဖြစ်ကြောင်း နိုင်ငံပိုင်အေဂျင်စီက မေ ၈ ရက်မှာ ကြေညာခဲ့ပါတယ်။

6 mins Ago

April 23, 2023

စစ်ကိုင်းတိုင်းအတွင်း သောက်သုံးရေ ခက်ခဲနေသော ပြည်သူများကို ရေတွင်းများ တူးဖော်လှူဒါန်း

စစ်ကိုင်းတိုင်းအတွင်း သောက်သုံးရေ ခက်ခဲနေတဲ့ ပြည်သူတွေ အဆင်ပြေစေဖို့ S&C မီးဘေး စစ်ဘေး ပညာရေး ကူညီ စောင့်ရှောက်ရေး မြေပြင်အဖွဲ့က ရေတွင်းတွေ တူးဖော်ပေးနေတယ်လို့ သိရပါတယ်။ 

ဖေဖော်ဝါရီ ၂၂ ရက်နေ့က ရေတွင်းတွေ စတင်လှူဒါန်းတာဖြစ်ပြီး မြိုနယ် ၅ မြိုနယ်က ကျေးရွာတွေရော၊ စစ်ရှောင်စခန်းတွေရောမှာ တူးဖော်ပေးနေတာလို့ ဆိုပါတယ်။ 

"လက်ရှိ အုပ်ကန်ပါ ရေတွင်းဆို ၄ တွင်း တူးဖော် လှူဒါန်းပြီးပါပြီ။ အုပ်ကန်ပါဆို ကျပ် ၂၅ သိန်း ဝန်းကျင် ကုန်ကျပါမယ်ဗျ။ လက်ရေတွင်း တတွင်းဆို ၅ သိန်း ဝန်းကျင် ကုန်ကျနိုင်ပြီး စက်ရေတွင်းကတော့ ၃၀ သိန်းမှ သိန်း ၇၅ သိန်း ဝန်းကျင် ရှိနိုင်ပါတယ်။ သိန်း ၃၀ တန် နဲ့ ၇၅ သိန်း တန်ကို အခု နေ့ည တူးဖော်နေပါတယ်။ ၅ သိန်းဝန်းကျင် ရေတွင်းတွေကတော့ မတူးဖော်ရသေးပါဘူး" လို့ S&C မီးဘေး စစ်ဘေး ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့က ဒီဗွီဘီ ကို ပြောပါတယ်။

စစ်ကိုင်းတိုင်း အညာဒေသဟာ ရေရှားပါးတာကြောင့် ပေ ၄၀၀ မှ ပေ ၅၀၀ အထိ တူးရပြီး ရေတွင်းတတွင်း ရရှိဖို့ တူးချိန် ၇ ရက်မှ ၁၅ ရက်အတွင်း ကြာတတ်ပါတယ်။ 

ဘယ်လိုပင် ခက်ခဲပါစေ ပြည်သူ့အတွက် အမြဲ အသင့်ရှိမှာ ဖြစ်သလို အားသွန်ခွန်စိုက် ကြိုးစားလျက်ရှိပါကြောင်း S&C မီးဘေးစစ်ဘေး ပညာရေးကူညီစောင့်ရှောက်ရေး အဖွဲ့သားတွေက ပြောပါတယ်။

2 weeks Ago
Up