close

ရေထဲပြုတ်ကျသေဆုံးမှု

close

March 1, 2022

ထိုင်းသရုပ်ဆောင် တိုင်မို ရေထဲပြုတ်ကျသေဆုံးမှု စစ်ဆေးမှုအခြေအနေ ရဲမှူးကြီး ရှင်းလင်း

ထိုင်းနိုင်ငံအလယ်ပိုင်း မယ်နန်ကျောက်ဖရားမြစ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက စပိဘုတ်လှေ ပေါ်ကနေပြုတ်ကျပြီး သေဆုံးသွားခဲ့တဲ့ ထိုင်းသရုပ်ဆောင်မင်းသမီး တိုင်မိုနိဒါးရဲ့ အမှုနဲ့ ပတ်သက်လို့  ခိုင်လုံတဲ့ သက်သေအထောက်အထားတွေပေါ်မှာ မူတည်ပြီး ဆုံးဖြတ်သွားမယ်လို့  နွန်ထပူရီခရိုင် ရဲမှူးကြီး ကျီလဖတ် ဖုမ်းကျစ်က မတ် ၁ ရက်နေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

တိုင်မိုသေဆုံးမှုမှာ သွေးရိုးသားရိုးမဟုတ်ဘူးလို့ သူ့မိခင်ကပြောဆိုပြီး သမီးအတွက် တရားမျှတမှုနဲ့ အမှန်တရားစုံစမ်းဖော်ထုတ်ပေးဖို့ တောင်းဆိုထားတာပါ။ 

ရဲတပ်ဖွဲ့အနေနဲ့လည်း အမှုမှန်ပေါ်ပေါက်ရေးအတွက် လူသက်သေ၊ ပစ္စည်းသက်သေ၊ မှုခင်းသိပ္ပံစစ်ဆေးမှု စတာတွေကို စုဆောင်းစစ်ဆေးနေကြောင်း၊ လူမှုကွန်ရက်မှာ အမျိုးမျိုးပြော ဆိုနေကြပေမယ့် ရဲတပ်ဖွဲ့အနေနဲ့ အထင်နဲ့ ဆုံးဖြတ်မှာမဟုတ်ဘဲ ခိုင်လုံတဲ့ သက်သေတွေရှာဖွေပြီး သံသယတွေရှင်းသွားအောင် ထုတ်ဖော်ရမယ်လို့  ရဲမှူးကြီးက ပြောပါတယ်။ 

ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၈ ရက်ညက အခင်းဖြစ်တဲ့ နေရာနဲ့ အချိန်မှာ ပုံစံတူသရုပ်ပြအကုန်ပြန်လုပ်ခဲ့ကြောင်း၊ အဲဒီနေ့က သူတို့သွားလာခဲ့တဲ့နေရာနဲ့ အစီအစဉ် (Time Line) တွေပါ စစ်ဆေးသလို တချိန်တည်းမှာ လှေပေါ်ပါအဖော်အားလုံး ထွက်ဆိုစေခဲ့ကြောင်း၊ ဒီမတိုင်ခင် တစ်ဦးစီခွဲပြီး ထွက်ဆိုစေရာမှာ ကွဲလွဲမှုတွေလည်းရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခင်းဖြစ်စဉ်က သူတို့လှေကိုတွေ့လိုက်တဲ့ ငါးမျှားနေသူ ၄ ဦးကိုလည်း ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ 

လှေရဲ့အမြန်နှုန်းနဲ့လားရာတွေ ပြန်စစ်ဖို့အတွက် လှေထဲက GPS မြေပုံအညွှန်းကို ကျွမ်းကျင်သူနဲ့ ပြန်စစ်နေသလို တိုင်မိုရဲ့ခြေထောက်က ဒဏ်ရာနဲ့ဆက်စပ်ဖို့ လှေအောက်က ပန်ကာဒလက်လည်းဖြုတ်ပြီး ဒီအန်အေစစ်ဆေးနေတယ်လို့ ဆိုပါတယ်။ 

လှေထဲမှာရှိတဲ့ စားစရာ အချိုရည်ဘူးတွေ၊ လှေစီးဖော် ၄ ဦးရဲ့ အဲဒီနေ့က ဝတ်ခဲ့တဲ့ အဝတ်အစားတွေပါ သိမ်းဆည်းစစ်ဆေးပြီး သူတို့ဆီးတွေ (မူးယစ်ဆေးသုံးခြင်းရှိ၊ မရှိ) ကိုလည်း စစ်ဆေးနေတယ်လို့ ပြောပါတယ်။ 

ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ တိုင်မိုရဲ့မိခင်ကလည်း စီဒီပြားတစ်ခုကို သက်သေအဖြစ်လာပို့ထားကြောင်း၊ အဆိုပါ စီဒီပြားကို တစုံတယောက်က သူတို့အိမ်ရှေ့မှာ လာချထားပေးထားတာဖြစ်ပြီးအထဲမှာတော့ သီချင်း ၄ ပုဒ်သာပါကြောင်း၊ ကျန်ရစ်သူမိသားစုဝင်တွေ စိတ်ဓာတ်ခွန်အားပေးတဲ့အနေနဲ့ သီချင်းလာပေးတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ 

ထိုင်း Amazing TV  မှာတော့ အခင်းမဖြစ်ခင်က အဲဒီစပိဘုတ်ဟာ အင်မတန်မြန်တဲ့အရှိန်နဲ့ မောင်းနှင်ပြီးနောက် အနောက်ပြန်လှည့်မောင်းလာကာ တစုံတရာကိုရှာဖွေပြီးမှ ငါးမျှားသမားတွေကို အမျိုးသမီးတယောက် ရေထဲမှာ တွေ့မိလားလို့ လာမေးမြန်းခဲ့ကြောင်း၊ ကယ်ဆယ်ရေးဘက်ကလည်း သူတို့ဆီအကြောင်းကြားတာ နောက်ကျတယ်လို့ပြောကြောင်း ဖော်ပြထားပါတယ်။

လူမှုကွန်ရက်တွေပေါ်မှာတော့ တိုင်မို ရေထဲကျသွားတဲ့အချိန်နဲ့ ကူညီကယ်ဆယ်ရေးတွေ ရောက်သွားတဲ့အချိန် ၁ နာရီနီးပါး နောက်ကျရတဲ့အပေါ်၊ လှေပေါ်ပါအဖော်တွေက ကယ်ဆယ်ရေးတွေ ရောက်လာတဲ့အထိ မစောင့်ကြဘဲ အိမ်ပြန်သွားတဲ့ကိစ္စ၊ သူမဟာ လှေအမြီးပိုင်းမှာ အပေါ့သွားရင်း ပြုတ်ကျသွားတယ်ဆိုတဲ့ အဖော်တွေရဲ့ထွက်ဆိုချက်ပေါ်၊  လှေပေါ်က အဖော်အမျိုးသား ၁ ဦး လက်မောင်းက ဒဏ်ရာ စတာတွေအပေါ် သံသယနဲ့ အမျိုးမျိုးပြောဆိုဝေဖန်နေကြတာပါ။ 

ထိုင်းသရုပ်ဆောင်မင်းသမီး တိုင်မို နိဒါး ခေါ် နိဒါး ဖတ်ချရဝိရဖုန်း (အသက် ၃၇ နှစ်) ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ညက နွန်ထပူရီမြို့ စားသောက်ဆိုင်တဆိုင်မှာ အဖော်တွေနဲ့ စားသောက်ပြီး  မယ်နန်ကျောက်ဖရားမြစ်ထဲကနေ စပိဘုတ်လှေနဲ့ ပြန်လာစဉ် ရေထဲ ပြုတ်ကျ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

51 seconds Ago
Up