မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ဝဲကလောင်းကျေးရွာနဲ့ အံခဲကျေးရွာကြားက ကျိုက်နဲရေလယ်ဘုရားဖူး ဖြစ်စဉ်မှာ ရေနစ်သေဆုံးသူ ၅ ဦးရဲ့ ရုပ်အလောင်းကို နိုဝင်ဘာ ၂၂ ရက်နေ့မှာ ထပ်မံတွေ့ရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေး အဖွဲ့တွေက DVB ကို ပြောပါတယ်။
ပြန်လည်ဆယ်ယူရရှိခဲ့တဲ့ ရေနစ်သေဆုံးသူ ၅ ဦးမှာတော့ နာမည်စာရင်း လာမပေးထားတဲ့ အမျိုးသမီးငယ် တစ်ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ပြန်လည် ဆယ်ယူရရှိခဲ့တဲ့ ရုပ်အလောင်း ၅ လောင်းမှာတော့ ပဲခူးတိုင်းက အမျိုးသမီးငယ် ၃ ဦး၊ ကရင်ပြည်နယ် မြိုင်ကလေးက အမျိုးသမီးငယ် ၁ ဦး၊ ရေးမြို့နယ် အစင်ကျေးရွာက အမျိုးသား ၁ ဦး ပါဝင်တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်နားလိုက်ပြီး ရေနစ်သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို သက်ဆိုင်ရာမြို့နယ်တွေကို ပြန်လည်ပို့ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။
ကျိုက်နဲရေလယ်ဘုရားမှာတော့ မနေ့ နိုဝင်ဘာ ၂၁ ရက်နေ့က ကမ်းခြေကနေ ၁ မိုင်နဲ့ ၆ ဖာလုံခန့် ကွာဝေးတဲ့ ဘုရားသို့သွားရာ ဒေသအခေါ် နတ်လမ်းမှာ လူအများအပြား တိုးကြိတ်သွားလာရာမှ ဒီရေလှိုင်း ပုတ်ခတ်မှုကြောင့် ပင်လယ်ထဲ မျောပါသေဆုံးမှု ဖြစ်ပေါ်ခဲ့တာပါ။
ကျိုက်နဲရေလယ်ဘုရားဖူး ဖြစ်စဉ်မှာတော့ ဒီကနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ထိ ရေနစ်သေဆုံးသူ ၂၀ ဦး ထိ ရှိလာခဲ့ပြီး၊ ပျောက်ဆုံးနေသူတွေ ရှိနေသေးတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဩဂုတ် ၁ ရက်က သာစည်ဆည်အတွင်း ရေဆင်းချိုးတဲ့ အမျိုးသား တစ်ယောက် ရေနစ်သေဆုံးသွားပြီး မနေ့ညနေက အလောင်းပြန်ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ညနေ ၄ နာရီလောက်မှာ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက်တို့ ရေဆင်းချိုးကြရာမှာ အမျိုးသားတစ်ယောက်က ဆည်အတွင်း ဘောကွင်းလိုက်ဆယ်ယူရင်း ရေအလယ်မှာ ရေနစ်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဆည်အတွင်းရေအနက်က ပေ၅၀ ဝန်းကျင်ရှိပြီး ဆည်ရဲ့ အလယ်အတွင်းပိုင်းမှာ လိုဏ်ခေါင်းရှိနေတာကြောင့် ကယ်ဆယ်ရေးလုပ်ဆောင်သူတွေ အခက်အခဲတွေ့ခဲ့ကြရပါတယ်။
သေဆုံးသူ အမျိုးသားရဲ့ ရုပ်အလောင်းကို သြဂုတ် ၂ ရက် ညနေ ၆ နာရီ ဝန်းကျင်မှာ တွေ့ရှိခဲ့ပြီး လှေသမားတစ်ဦးက ကျောက်ဆူးကြိုးနဲ့ ချိတ်ဆွဲရှာဖွေ တွေ့ရှိခဲ့တယ်လို့ မုံရွာမြို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းက ပြောပါတယ်။