ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းနိုင်ငံအရှေ့ဘက် လူဟန့်စ်ခ်ဒေသရှိ လီစီချန့်စ်ခ် ရေနံချက်စက်ရုံကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ကြောင်း ရုရှားက ဇူလိုင် ၁ ရက်မှာ အခိုင်အမာပြောကြားခဲ့ပြီး ယူကရိန်းကတော့ ဒါကို ငြင်းဆိုလိုက်ပါတယ်။
ရုရှား-ယူကရိန်းတိုက်ပွဲမှာ ၄ လကျော်ကြာ တိုက်ခိုက်နေကြတဲ့ နှစ်ဘက်တပ်ဖွဲ့တွေဟာ လူ့ဟန့်ခ်ဒေသ စစ်မျက်နှာမှာ ဗျူဟာမြောက် အရေးပါတဲ့ လီစီချန့်စ်ခ် မြို့တစ်ဝိုက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။
ရုရှားကျောထောက်နောက်ခံပြု လူ့ဟန့်ခ်စ်ခ်ပြည်သူ့သမ္မတနိုင်ငံတပ်ဖွဲ့ (LPR) မှ တိုက်ခိုက်ရေးသမားတွေဟာ လီစီချန့်စ်ခ် ဆင်ခြေဖုံးကို ထိန်းချုပ်ထားပြီဖြစ်ကြောင်း ဇူလိုင် ၁ ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ယူကရိန်းစစ်တပ်ကတော့ ရုရှားဟာ ရေနံချက်စက်ရုံရဲ့ အစိတ်အပိုင်းတွေကိုသာ သိမ်းယူထားပြီး နှစ်ဘက် တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ လီစီချန့်စ်ခ်အပြင်ဘက်ရှိ ယူကရိန်းစစ်တပ်တွေကို ဝန်းရံဖို့ ကြိုးပမ်းနေပေမဲ့ အခုချိန်မှာ ယူကရိန်းတပ်ဖွဲ့တွေ ဆုတ်ခွာဖို့ အစီအစဉ်မရှိသေးကြောင်း ယူကရိန်းနိုင်ငံပိုင် သတင်းအေဂျင်စီ Ukrinform က ဇူလိုင် ၂ ရက်မှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်က အမေရိကန်ဒေါ်လာ သန်း ၈၂၀ တန် ယူကရိန်းနိုင်ငံအတွက် လုံခြုံရေးအကူအညီ သစ်တစ်ရပ်ကို ဇူလိုင် ၁ ရက်က ကြေညာခဲ့ပါတယ်။
ခေတ်မီလေယာဉ်ဖျက်စနစ်နဲ့ ဝေဟင်ကာကွယ်ရေးစနစ်တွေအပြင် အဆင့်မြင့် ဒုံးကျည်စနစ်တွေ အတွက် နောက်ထပ် ခဲယမ်းမီးကျောက်တွေ ပါဝင်ပါတယ်။
ရုရှားက ယူကရိန်းကို ဖေဖော်ဝါရီ ၂၄ ရက်က ကျူးကျော်စစ် စကတည်းက အမေရိကန်ဟာ ယူကရိန်းအတွက် လုံခြုံရေးအကူအညီ ဒေါ်လာ ၆ ဒသမ ၉ ဘီလီယံ ပေးအပ်ခဲ့ပြီး ဘိုင်ဒင်အစိုးရ စတက်ကတည်းက စုစုပေါင်းဒေါ်လာ ၇ ဒသမ ၆ ဘီလီယံ ပေးထားပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံ၊ ဂျဒ်ဒါမြို့ရှိ အာရမ်ကိုရေနံချက်စက်ရုံနဲ့ ရိယာ့ဒ်မြို့တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာနတို့ကို ပစ်မှတ်ထားပြီး ယီမင်နိုင်ငံအခြေစိုက်ဟူသီအဖွဲ့က လက်နက်တပ်ဆင်ထားတဲ့ ဒရုန်းယာဉ် ၂၅ စီး၊ ပဲ့ထိန်းဒုံးကျည် အတော်များများနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒီဇင်ဘာ ၇ ရက်မှာ ပြောပါတယ်။
ယီမင်နိုင်ငံတွင်းက ဟူသီတွေနဲ့ တိုက်နေတဲ့ ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ မဟာမိတ်တပ်တွေ ကတော့ ဆော်ဒီမြို့တော်ပေါ်ကနေ ပျံသန်းခဲ့တဲ့ ဒုံးကျည်တစီးကို ကြားဖြတ် ပစ်ချခဲ့တယ်လို့ ဒီဇင်ဘာ ၆ ရက်က ပြောပါတယ်။
ဒေသခံတွေကလည်း ကျယ်လောင်တဲ့ ပေါက်ကွဲသံကို ကြားတယ်လို့ ပြောကြပြီး အသေအပျောက်နဲ့ ထိခိုက်ပျက်စီးမှု အခြေအနေ သတင်းတွေကတော့ မထွက်သေးပါဘူး။
အီရန်နဲ့ မဟာမိတ်ဖြစ်တဲ့ ဟူသီတွေဟာ ဂျဲ့ဒါမြို့မှာရှိတဲ့ ရေနံထုတ်ကုန်ဖြန့်ဖြူးရေးစက်ရုံကို အရင်ကလည်း ပစ်မှတ်ထား တိုက်ခိုက်ဖူးပါတယ်။
၂၀၁၉ တုန်းက ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆော်ဒီနိုင်ငံ တဝက်ကျော်အတွက် ရေနံထွက်နှုန်း ထိခိုက်ခဲ့ပါတယ်။
ဒါ့အပြင် ဟူသီတွေဟာ အာရမ်ကို ရေနံချက်စက်ရုံနဲ့ ကင်းဖာဟက် လေတပ်အခြေစိုက်စခန်းကို လက်နက်တပ်ဆင်ထားတဲ့ ဒရုန်းယာဉ် ၆ စီးနဲ့ တိုက်ခိုက်ခဲ့သလို ရိယာ့ဒ်မြို့နဲ့ မြို့ထဲက လေဆိပ်ကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ဟူသီတပ်ဖွဲ့ ပြောခွင့်ရက သူတို့ရဲ့ ရုပ်သံ မတ်စ်စီရာကနေ ထုတ်လွှင့်ရာမှာ ပြောပါတယ်။
၇ နှစ်ကြာ စစ်ပွဲအတွင်း နှစ်ဘက်စလုံးက စစ်သည် ထောင်ချီ သေဆုံးခဲ့ပေမဲ့ ယီမင်မြို့တော် ဆာနာနဲ့ ဓာတ်ငွေ့ကြွယ်ဝတဲ့ မာရစ်ဘ်ဒေသကို ဆော်ဒီ ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေက တိုက်ခိုက်မှု တိုးလာနေလို့ ဟူသီတွေကလည်း နယ်စပ်ဖြတ်ကျော်ပြီး ပိုတိုး တိုက်ခိုက်နေပါတယ်။
အီရန်က ဟူသီတွေကို ဒုံးကျည်တွေ ပံ့ပိုးနေတယ်လို့ ဆော်ဒီက စွပ်စွဲထားပြီး တချို့လက်နက်တွေက အီရန်မှာ ထုတ်လုပ်တဲ့ လက်နက်တွေနဲ့ နည်းပညာ စရိုက်လက္ခဏာ တူနေတယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောပါတယ်။
ဟူသီတွေကတော့ သူတို့လက်နက်တွေကို သူတို့ကိုယ်တိုင် ထုတ်လုပ်တယ်လို့ ပြောထားပါတယ်။