close

ရေနံချောင်းမြို့နယ်

close

May 12, 2021

ရေနံချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့စည်း

အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီး၊ သတ်ဖြတ်၊ ခိုးဆိုးလုယက်၊  ဖိနှိပ်မှုဒဏ်ခံစားနေရတဲ့ ပြည်သူ့တွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ရေနံချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကို မေလ ၁၂ ရက်နေ့မှာ စတင် ဖွဲ့စည်းလိုက်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ ဒီမိုကရေစီလိုလားသူတွေ၊ အကြမ်းဖက်စစ်အုပ်စုကို  နည်းပေါင်းစုံနဲ့ ဆန့်ကျင်နေကြသူတွေနဲ့ ပြည်သူတွေကို ကာကွယ်စောင့်ရှောက်လိုတဲ့ ရဲဘော်တွေ ပူးပေါင်းပါဝင် ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။ 

ရေနံချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ မူဝါဒတွေကတော့ စစ်အာဏာရှင်ကို အမြစ်ပြတ်တိုက်ခိုက်ခြေမှုန်းဖို့ ၊ ပြည်သူ့အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ဖို့၊  ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု အမြန်ပေါ်ပေါက်ရေး ကြိုးပမ်းဆောင်ရွက်ဖို့နဲ့  စစ်လက်နက် အင်အား စုဆောင်းဖို့ ဖြစ်တယ်လို့  ကြေညာချက်မှာဖော်ပြထားပါတယ်။

7 mins Ago

July 1, 2020

ရေနံချောင်းမြို့နယ်တွင် မြစ်ကမ်းပြိုကျပြီး အိမ်ခြေ ၁၈ လုံး ပြောင်းရွေ့ရ

ရေနံချောင်းမြို့နယ်၊ ဝက်လွတ်ကျေးရွာအုပ်စု၊ လမ်းကူးကျေးရွာမှာ ဧရာဝတီမြစ်ရေတိုက်စား တဲ့အတွက်  ဇွန်လ ၃၀ ရက်နေ့အထိ နေအိမ် ၁၈ အိမ်ပြောင်းရွေ့ရကြောင်း ဝက်လွတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက သိရပါတယ်။ ဝက်လွတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမိုးဇော်ထံက "အနေအထားက အဆက်မပျက် ပြိုနေတယ်ဗျာ။ မြေဧရိယာကတော့ ဧက ၂၀ ပတ်ချာလည်လောက် ဆုံးရှုံးမှုဖြစ်နေပြီး။ လွန်ခဲ့တဲ့ သုံးရက်ကနေ မြစ်ကမ်းပါးပြိုကျလို့ ဒီနေ့အထိ အိမ်ထောင်စု၊ နေအိမ် ၁၈ လုံး အိမ်ဖျက်ပြီး ပြောင်းရွေ့ စုပုံထားရတယ်။ " လို့  ပြောပါတယ်။ ကမ်းကူးကျေးရွာရှိ ဧရာဝတီမြစ်ကမ်းပါး အရှည် ပေ ၃၀၀၀ လောက်မှာ တစ်ရက်ကို ပေ ၅၀ ခန့် အနည်းပြိုကျနေလို့ ယာမြေ ၂၀ ဧကလောက်ဆုံးရှုံးသွားပြီး အခုရက်ပိုင်းမှာ ကျေးရွာနဲ့ နီးကပ်လာကာ ရွာအိမ်ဝိုင်း‌တွေ  ဆက်တိုက်ပြိုကျနေတယ်လို့ သိရပါတယ်။ အဆိုပါကျေးရွာမှာ မြစ်ကမ်းပါးပြိုကျတဲ့အတွက် အိမ်ခြေ ၁၈ အိမ်၊ လူဦးရေ ၇၆ ဦး သဘာဝဘေးအန္တရာယ်ခံစားနေရပြီး၊ ကျေးရွာအနီး မြေလွတ်မြေလပ်မရှိလို့ ယာမြေတွေကို ဝယ်ယူနေထိုင်ရမှာဖြစ်လို့ ပြောင်းရွေ့အိမ်ထောင်စုတွေ အခက်အခဲဖြစ်နေကြောင်း အုပ်ချုပ်ရေးမှူး ဦးမိုးဇော်က ရှင်းပြပါတယ်။ မြစ်ကမ်းပါးပြိုကျနေတဲ့ အဆိုပါကျေးရွာကို ဇွန်လ ၃၀ ရက် မနက်ပိုင်းက တိုင်းလွှတ်တော် ကိုယ်စားလှယ်၊ မကွေးခရိုင်အ‌ထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေအထွေအုပ်ချုပ်ရေးမှူးနဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနတို့ သွားရောက်ကြည့်ရှုကာ လိုအပ်ချက်တွေနဲ့ ထောက်ပံ့ငွေပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေကြောင်းနဲ့ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ တပ်ဖွဲ့တွေက သွားရောက်ကူညီရွေ့ပြောင်းပေးနေတယ်လို့ ရေနံချောင်းမြို့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။ မြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွေ့ရတဲ့ အိမ်ထောင်စုတွေ ပြောင်းရွေ့နေထိုင်နိုင်ဖို့ အနီးပတ်ဝန်းကျင်ရှိ ယာမြေပိုင်ရှင်တောင်သူတွေနဲ့ ယာမြေဈေးနှုန်းတွေကို လတ်တလော ညှိနှိုင်းဆောင်ရွက်နေတယ်လို့  အထွေထွေအုပ်ချုပ်ရေးမှူး ဦးမန်းကိုဟောက ပြောပါတယ်။ "ကျနော်တို့ ကြည့်တာတော့ တောင်စွယ်တစ်ခုက ခံနေတယ်။ အဲဒီဟာ ခံတာက လှိုက်ပြီးတော့ဝင်တယ်ဆိုရင်တော့ ဆက်ပြိုဖို့အခြေအနေရှိတယ်။ မြစ်ကြောင်းက အဲဒီတောင်စွယ်နဲ့ ဖြတ်ချသွားရင်တော့ ပြိုတာရပ်သွားမလား။ မှန်းတော့မရဘူးလေ။ ရေက ဆက်တတ်လို့ မြှုပ်သွားရင်မပြိုတော့ဘူး။ ခုဟာက ကမ်းပါးရဲ့ အခြေကို လှိုင်းပုတ်တာကို။ လှိုင်းပုတ်တော့ ကမ်းပါးအခြေက လှိုက်လှိုက်ပြီးတော့ ပြိုကျတာ။ "  လမ်းကူးကျေးရွာမှာ အိမ်ခြေ ၇၀ အိမ်ကျော်၊ လူဦးရေ ၃၀၀ ကျော် နေထိုင်နေပြီး မြစ်ကမ်းပါးထပ်မံပြိုကျပါက အိမ်ခြေ ၂၀ လောက် ထပ်မံပြောင်းရွေ့ရဖွယ်ရှိနေပါတယ်။ ပြီးခဲ့တဲ့ မေလ မှ စတင်ပြီး ရေနံချောင်းမြို့နယ်အတွင်းရှိ ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စု ကံသာကျေးရွာနဲ့ မန်မြေကျေးရွာအုပ်စု၊ မိန်းမလှကျွန်းကျေးရွာတို့မှာ တစ်ရက်ကို လူနေအိမ် တစ်လုံး၊ နှစ်လုံးလောက် ပြောင်းရွေ့နေကြရပါတယ်။ အဆိုပါ ကျေးရွာနှစ်ရွာမှာ အခုနှစ်အတွင်း လူနေအိမ် ၂၀ အိမ်ကျော် ‌ဇွန်လ ၃၀ ရက်နေ့အထိ ပြောင်းရွေ့ထားရတယ်လို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးထံက သိရပါတယ်။ သတင်း- ကိုလင်း(ချောက်)
10 months Ago
Up