ရှန်ဟိုင်းရှိ ဆိုင်နိုပက်ခ်-ရှန်ဟိုင်း ရေနံဓာတု ကုမ္ပဏီလိမိတက်စက်ရုံမှာ ဇွန် ၁၈ ရက် အစောပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူတယောက် သေဆုံးခဲ့ကြောင်း ကုမ္ပဏီက ပြောပါတယ်။
နိုင်ငံပိုင်မီဒီယာ ရှင်ဟွာသတင်းမှာတော့ တရုတ်နိုင်ငံရဲ့အကြီးဆုံး ရေနံသန့်စင်ရေးနဲ့ ရေနံဓာတုဗေဒ စက်ရုံတစ်ရုံမှာ ဇွန် ၁၇ ရက် မနက် ၄ နာရီမှာ မီးစတင်လောင်ကျွမ်းခဲ့ပြီး မနက် ၉ နာရီမှာ ထိန်းချုပ်နိုင်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့ ကိုင်တွယ်ဖို့ ခက်ခဲခဲ့ပြီး အချိန်အတိုင်းအတာတစ်ခုအထိ ဆက်လောင်ကျွမ်းလိမ့်မယ် လို့လည်း ခန့်မှန်းထားပါတယ်။
အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက အကူအညီပေးဖို့ ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
ဒီမီးလောင်မှုမှာ ပြင်ပသယ်ယူပို့ဆောင်ရေးယာဉ်တစ်စီးရဲ့ ယာဉ်မောင်းမှာ သေဆုံးသွားပြီး ကုမ္ပဏီဝန်ထမ်းတစ်ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း Sinopec ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့ပါတယ်။
ရှန်ဟိုင်းအနောက်တောင်ပိုင်း ဆင်ခြေဖုံးဖြစ်တဲ့ ကျင်းရှန်းက စက်ရုံရဲ့ အီသိုင်လင်းဂလိုင်ကိုး အဆောက်အအုံမှာ မီးလောင်ခဲ့တာလို့ သူကပြောပါတယ်။
မီးလောင်ပြီးနောက်မှာ ကုမ္ပဏီဟာ ကုမ္ပဏီရဲ့ပတ်ဝန်းကျင်နဲ့ တခြားပြင်ပဧရိယာတွေကို စောင့်ကြည့်ဖို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးပေါ်တုံ့ပြန်မှုကို ချက်ချင်းလုပ်ဆောင်ခဲ့ကြောင်း နိုင်ငံပိုင် Sinopec က သူ့ရဲ့တရားဝင် Weibo အကောင့်မှာ ဖော်ပြထားပါတယ်။