ထိုင်း ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ ကုမ္ပဏီ (PTTEP) ကို တောင်းဆိုချက်ပါ စာပေးပို့ထားပြီး လိုက်နာမှုမရှိရင် စင်ကာပူနိုင်ငံက အငြင်းပွားမှုဆိုင်ရာခုံရုံးတွင် တရားစွဲသွာမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ( NUG ) ဘက်က ပြောကြားလိုက်ပါတယ်။
စစ်ကောင်စီကို နှစ်စဉ် ဒေါ်လာသန်းပေါင်းများစွာ ရှာဖွေပေးနေတဲ့ ထိုင်းနိုင်ငံက ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေး အများပိုင်ကုမ္ပဏီ (PTTEP) ကို မတ်လ ၂၀ ရက် နေ့စွဲနဲ့ တောင်းဆိုစာ Demand Letter တစ်စောင်ကို NUGက ပေးပို့ပေးခဲ့တာပါ။
စာပါ တောင်းဆိုချက်တွေကို မလိုက်နာရင် စင်ကာပူနိုင်ငံက အနုညာတအငြင်းပွားမှု ဆိုင်ရာခုံရုံးမှာ ဦးတိုက်လျောက် ထားပြီး PTT ကုမ္ပဏီကို တရားစွဲဆိုသွားမယ်လို့ NUG ရဲ့ စီမံရေး၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဝန်ကြီး ဦးတင်ထွန်းနိုင်က မတ်လ ၂၀ ရက်ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“ကျနော်တို့ဘက်က Demand Letter ပေးပို့ပြီးတော့ ကာလတခုစောင့်ရပါတယ်။ စောင့်ရတာက ရက် ၃၀ ပေါ့နော်။ တကယ်လို့ သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ကျနော်တို့ မျှော်မှန်းသလို သိပ်ပြီးတော့ မကိုက်ညီဘူးဆိုရင် ပဋိညာဉ်စာချုပ်ပါ ကတိကဝတ်နဲ့ ပေးထားချက်များအရ လုပ်ထုံးလုပ်နည်းများအရ စင်ကာပူမှာ arbitrational tribunal ပေါ့နော် အနုညာတအငြင်းပွားမှုဆိုင်ရာခုံရုံးကို ဦးတိုက်လျှောက်ထားသွား မှာဖြစ်ပါတယ်။”
NUG က ပေးပို့ထားတဲ့ တောင်းဆိုချက် Demand Letterထဲမှာ PTT ရဲ့ ဓာတ်ငွေ့ရောင်းချမှုဆိုင်ရာ သတင်းအချက်အလက်တွေနဲ့ စစ်ကောင်စီကို ပေးဆောင်နေတဲ့ ငွေကြေးဆိုင်ရာပေးချေမှုတွေကို ရက်ပေါင်း ၃၀ အတွင်းမှာ NUG ကို ပေးဖို့ တောင်းဆိုချက် ၂ ခုကို အဓိထားဖော်ပြပါရှိပါတယ်။
အခုလို တောင်းဆိုချက် ပေးပို့တာဟာ PTT ကို မြန်မာနိုင်ငံအတွင်းက ရေနံနဲ့သဘာဝဓာတ်ငွေ့တူးဖော်နေတာတွေကို ရပ်ဆိုင်းသွားစေဖို့ ရည်ရွယ်တာမဟုတ်ဘဲ စစ်ကောင်စီကို ပေးဆောင်နေတဲ့ငွေကြေးဆိုင်ရာကိစ္စတွေကို လူထုက အသိအမှတ်ပြုထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ဆက်လက်လက်တွဲဆောင်ရွက် စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိစစ်ကောင်စီက ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းတွေဆီကနေ နှစ်စဉ် ဒေါ်လာသန်း ၁၁၀၀ ဝန်းကျင်ရရှိနေပြီး PPT ကုမ္ပဏီလက်ရှိလုပ်ကိုင်နေတဲ့ ရတနာစီမံကိန်းတခုတည်းကနေ ၂၀၂၂ ပထမ ၆ လအတွင်းမှာပဲ စစ်တပ်ကို ဒေါ်လာသန်း ၂၅၀ ကျော်ပေးဆောင်ခဲ့တယ်လို့ သိရပါတယ်။ အခုလို PTT ကုမ္ပဏီနဲ့ ပတ်သက်လို့ တောင်းဆိုစာပေးပို့တာမှာ ရလဒ်ကောင်းတွေ မျှော်လင့်ထားတယ်လို့ NUG စွမ်းအင်နဲ့ လျှပ်စစ်ဝန်ကြီးဌာန ဝန်ကြီး ဦးစိုးသူရထွန်းက ပြောပါတယ်။
“ကျနော်တို့ကတော့ အမျိုးမျိုးကြိုးစားခဲ့ပါတယ်။ ကျနော်တို့ ဝန်ကြီးဌာနမဖွဲ့ခင်ကတည်းကနေ ဖွဲ့ပြီးတဲ့အချိန်ထိ တောက်လျှောက် နိုင်ငံတကာသံတမန်တွေရော နိုင်ငံတကာလွတ်တော်တွေရော တောက်လျှောက်တွေ့ဆုံဆွေးနွေးခဲ့တာတွေလည်းရှိတယ်။ ကျနော်တို့ မျှော်လင့်တယ်လို့ပဲ လောလောဆယ် ပြောနိုင်ပါတယ်။ သက်ဆိုင်ရာ အစိုးရတွေရဲ့ ကိစ္စဖြစ်တော့ ယတိပြတ်တော့ မပြောနိုင်ဘူး။ ကျနော်တို့ တောက်လျှောက်တော့ ကြိုးစားနေတာ ရှိပါတယ်။”
စင်ကာပူခုံရုံးမှာ ဦးတိုက်လျောက်ထားဖို့အတွက် တရားရုံးစရိတ်နဲ့ ရှေ့နေကုန်ကျစရိတ်တွေကို အကူအညီပေးဖို့ ဖောင်ဒေးရှင်တချို့ထံ မေးမြန်းညှိနှိုင်းနေပြီး မရပါက NUG ရဲ့ ကိုယ်ပိုင် ဘဏ္ဍာရေးရန်ပုံငွေနဲ့ အသုံးပြုသွားမှာဖြစ်ပြီး တော်လှန်ရေးအတွက် အရေးပါတဲ့ ကိစ္စတခုဖြစ်လို့ လိုအပ်ပါက ပြည်သူလူထုက ထောက်ပံ့ပေးမယ်လို့ ယုံကြည်ကြောင်းလည်း အန်ယူဂျီ ဝန်ကြီးတွေက ရှင်းလင်းပြောပါတယ်။
NUG၊ အရပ်ဖက်အဖွဲ့တွေနဲ့ ပြည်သူတွေရဲ့ တောင်းဆိုဆန္ဒပြမှုတွေကြောင့် ၂၀၂၂ မှာ ဥရောပသမဂ္ဂ EU က MOGE ကို ပိတ်ဆို့အရေးယူလိုက်တဲ့အတွက် စစ်ကောင်စီကရမယ့် ဒေါ်လာသန်း ၂၀၀ လောက်ကို မရနိုင်ဘဲ ပိတ်ဆို့ခံ ထားရတယ်လို့ လည်းသိရပါတယ်။ ဒါ့အပြင် MOGE နဲ့ လက်တွဲလုပ်ကိုင်နေတဲ့ တခြားကုမ္ပဏီတွေကို ဆက်လက် အရေးဖို့ ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။
စစ်ကောင်စီက လက်ရှိမှာ ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းတွေဆီကနေ နှစ်စဉ် ဒေါ်လာသန်း ၁၁၀၀ ဝန်းကျင်ရရှိနေပြီး PPTE ကုမ္ပဏီလက်ရှိလုပ်ကိုင်နေတဲ့ ရတနာစီမံကိန်းအပါအဝင် စီမံကိန်း ၄ ခုကနေ ၂၀၂၂ ဒုတိယ လေးလအတွင်းမှာပဲ စစ်တပ်ကို ဒေါ်လာ ၈၁၉ သန်းပေးဆောင်ခဲ့တယ်လို့ သိရပါတယ်။
PTTEP အနေနဲ့ လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်ကတည်းက ရတနာစီမံကိန်းနဲ့ ရဲတံခွန်စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံခဲ့ပြီး ၂၀၂၂ ဧပြီလမှာ ရဲတံခွန်စီမံကိန်းနဲ့ တနင်္သာရီ ဓာတ်ငွေ့သယ်ယူပို့ဆောင်ရေးပိုက်လိုင်းကုမ္ပဏီကနေ နုတ်ထွက်ကြောင်း ကြေညာခဲ့တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ၂၀ ရက်နေ့က ထွက်ခွာသွားတဲ့ Total Energies ရဲ့ ရတနာစီမံကိန်းအဓိက Operator နေရာကို ဆက်ခံခဲ့ပြီး ဆက်လက်လုပ်ကိုင်နေတာဖြစ်ပါတယ်။
စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ၂၀၂၃ ဧပြီကနေ ဇန်နဝါရီအထိ ၁၀ လအတွင်း ရေနံနဲ့ သဘာဝဓာတ်ငွေ့အပါအဝင် ကဏ္ဍ ၅ ခုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အသစ် မဝင်ရောက်ခဲ့တာ တွေ့ရပါတယ်။
စီးပွားရေးလုပ်ငန်း ကဏ္ဍ ၁၂ ခု ရှိတဲ့အထဲ ၇ ခုမှာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ်တွေ ဝင်ရောက်ခဲ့တာတွေ့ရပြီး သဘာဝဓာတ်ငွေ့အပါအဝင် ဆောက်လုပ်ရေး၊ စက်မှုဇုန်၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းနဲ့ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်း ကဏ္ဍ ၅ ခုတို့မှာ ပြည်ပရင်းနှီးမြှုပ်နှံလုပ်ငန်း အသစ်တွေ မဝင်ရောက်ခဲ့တာပါ။
အခု ဘဏ္ဍာနှစ်မှာ စွမ်းအင်ကဏ္ဍ၊ တခြားဝန်ဆောင်မှုကဏ္ဍနဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍတို့မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်ထားတာ ဖြစ်ပေမဲ့ စစ်တပ်အာဏာမသိမ်းခင် ဝင်ရောက်မှုနဲ့ ယှဉ်ရင် သိသိသာသာ လျော့နည်းကျဆင်းနေပါတယ်။
နှစ်စဉ် ပြည်ပရင်းနှီးမြှပ်နှံမှုပမာဏ ၁ ဘီလီယံ အထက် ဝင်ရောက်တဲ့ ကုန်ထုတ်လုပ်မှု ကဏ္ဍမှာ စစ်အာဏာသိမ်းပြီးနောက် သိသိသာသာ လျော့နည်းကျဆင်းလာပြီး အခု ဘဏ္ဍာနှစ်မှာ အမေရိကန် ဒေါ်လာ သန်း ၂၀၀ ဝန်းကျင်သာ ဝင်ရောက်ထားပါတယ်။ ပြည်ပရင်းနှီးမြှုပ်နှံမှု နှစ်စဉ်ဝင်ရောက်နေတဲ့ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍမှာလည်း အခုနှစ် လုံးဝ ဝင်ရောက်ခဲ့ခြင်း မရှိပါဘူး။
စစ်ကောင်စီ အားပေးမြှင့်တင်နေတဲ့ ဟိုတယ်ခရီးသွားကဏ္ဍမှာလည်း ဇန်နဝါရီလအထိ ဝင်ရောက်မှုက အမေရိကန် ဒေါ်လာ ၀ ဒသမ ၈ သန်းသာ ရှိပါတယ်။
အိမ်ခြံမြေကဏ္ဍ၊ လယ်ယာကဏ္ဍ၊ သတ္တုတူးဖော်ရေးကဏ္ဍတို့မှာ အနည်းငယ် ဝင်ရောက်မှုရှိခဲ့ပေမဲ့ ပုံမှန်နှစ်တွေနဲ့ ယှဉ်ရင် သိသိသာသာ လျော့ကျနေပါတယ်။
ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ စွမ်းအင်ကဏ္ဍမှာ အမေရိကန်ဒေါ်လာ သန်း၈၂၀ အခြားဝန်ဆောင်မှုကဏ္ဍမှာ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်၊ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ သန်း ၂၀၀ ကျော် အများဆုံးဝင်ရောက်ခဲ့ပါတယ်။
အိမ်ခြံမြေကဏ္ဍမှာ ၂၉ သန်း သတ္တုတူးဖော်ရေး ကဏ္ဍမှာ ၇ ဘီလီယံ လယ်ယာကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၃ သန်းခွဲ ဟိုတယ်ခရီးသွားကဏ္ဍမှာ ၀ ဒသမ ၈သန်း အသီးသီးဝင်ရောက်ခဲ့ပါတယ်။ မွေးမြူရေးနဲ့ ရေလုပ်ငန်းကဏ္ဍမှာတော့ ရှိပြီး လုပ်ငန်းတွေက ထပ်တိုးရင်းနှီးမြှုပ်နှံတဲ့ ပမာဏ ၁ ဒသမ ၈၄၅ သန်း ရှိခဲ့ပေမဲ့ လုပ်ငန်းအသစ် ဝင်ရောက်ခဲ့တာ မရှိပါဘူး။
မြန်မာနိုင်ငံကို အခုဘဏ္ဍာနှစ် ဇန်နဝါရီလကုန် အထိ ဆယ်လအတွင်းမှာ ပြည်ပရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၇၆ ဘီလီယံ ဝင်ရောက်ထားတာဖြစ်ပြီး အာဏာမသိမ်းခင်က ဝင်ရောက်ခဲ့တဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ရင် သုံးပုံတစ်ပုံခန့်သာ ရှိပါတယ်။
ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခဲ့တဲ့ နှစ်အလိုက် ကိန်းဂဏန်းတွေကို ပြန်ကြည့်မယ်ဆိုရင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ အမေရိကန် ဒေါ်လာ ၅ ဒသမ ၇ ဘီလီယံ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ၄ဒသမ ၁၅၈ ဘီလီယံ၊ ၂၀၁၉- ၂၀၂၀မှာ ၄ ဒသမ ၈၈ ဘီလီယံ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ အမေရိကန် ဒေါ်လာ ၃ ဒသမ ၇၉၁ ဘီလီယံ ၊ ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျတ် ၆ လမှာ ၆၄၇ သန်း အသီးသီးရှိခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ စစ်ရေးပဋိပက္ခတွေ၊ ငွေကြေးဖောင်းပွမှုတွေနဲ့ ဝယ်လိုအားကျဆင်းမှုတွေကြောင့် စီးပွားရေးနာလန်ထူနိုင်ဖို့ အားနည်းနေဦးမယ်လို့ ကမ္ဘာ့ဘဏ်က သုံးသပ်ထားပါတယ်။
စစ်ကောင်စီက နည်းလမ်းအမျိုးမျိုး သုံးပြီး ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နေပေမဲ့ စီးပွားရေး မရေရာမှုတွေကြောင့် ဝင်ရောက်မှု လျော့နည်းကျဆင်းလာပြီး ရှိပြီးသား လုပ်ငန်းတွေပါ တစတစ ပြန်လည်ထွက်ခွာနေတာပါ။
ဒါပေမဲ့ စစ်ကောင်စီကတော့ ဦးစားပေးမြှင့်တင့်မယ့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ထပ်တိုးသတ်မှတ်ခဲ့ပါတယ်။
လျှပ်စစ်သုံးယာဉ်နဲ့ ဆက်စပ်လုပ်ငန်းတွေ၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးတဲ့ လုပ်ငန်းတွေနဲ့ သိပ္ပံဆိုင်ရာ သုတေသန ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေကို ဦးစားပေးမြှင့်တင်မယ့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွေအဖြစ် ထပ်တိုးသတ်မှတ်ခဲ့တာပါ။