ရေနံနှင့် အစွန်းရောက်ဝါဒကို တိုက်ဖျက်ရာမှာ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပူးပေါင်းကူညီ ပံ့ပိုးမယ်လို့ ဆော်ဒီအာရေးဗျနိုင်ငံခြားရေးဝန်ကြီးက စက်တင်ဘာ ၂၄ ရက်က ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောလိုက်ပါတယ်။
လွန်ခဲ့တဲ့ ၄ နှစ်က အစ္စတန်ဘူလ်မြို့မှာရှိတဲ့ ဆော်ဒီကောင်စစ်ဝန်ရုံးထဲမှာ သတင်းထောက် ဂျမယ် ခက်ရှားဂျီ သတ်ဖြတ်ခံရတဲ့အမှုမှာ တကမ္ဘာလုံးက ပြစ်တင်ရှုတ်ချခဲ့ပြီး ဆော်ဒီအာရေးဗီးယားကို ဖိအားပေးခဲ့ဖူးတာပါ။
ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟမ်မဒ် ဘင်ဆယ်လ်မန်က ခက်ရှားဂျီကို သတ်ဖို့ ဒါမှမဟုတ် ဖမ်းဖို့ စစ်ဆင်ရေးကို အတည်ပြုခဲ့တယ်လို့ မနှစ်က ထုတ်ပြန်ခဲ့တဲ့ အမေရိကန်ထောက်လှမ်းရေး အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။
ဆော်ဒီအစိုးရက အိမ်ရှေ့မင်းသားရဲ့ ပါဝင်ပတ်သက်မှုကို ငြင်းဆိုခဲ့ပြီး အစီရင်ခံစာအတွင်း တွေ့ရှိချက်တွေကို ပယ်ချခဲ့ပါတယ်။
“ကျနော်တို့ နိုင်ငံဟာ အဲဒီအခွင့်အရေးတွေကို ကာကွယ်ဖို့ ပြတ်သားတဲ့ စာသားတွေနဲ့ လူ့အခွင့်အရေးကို အရမ်းအလေးထားပါတယ်” လို့ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး မင်းသား ဖိုင်ဆယ် ဘင် ဖှာဟန် အယ်လ်ဆွဒ် က ကုလအထွေထွေညီလာခံမှာ ပြောပါတယ်။
"နိုင်ငံတော်ဟာ တိုးတက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လူဦးရေရဲ့အနာဂတ်ကို ကာကွယ်ဖို့၊ တီထွင်ဆန်းသစ်နိုင်တဲ့ အမျိုးသားနှင့် အမျိုးသမီးတွေရဲ့ စွမ်းရည်တွေကို အားကောင်းခိုင်မာစေဖို့၊ ဆွေးနွေးညှိနှိုင်းမှုနဲ့ သည်းခံနိုင်မှုတို့ကို ပွင့်လင်းမြင်သာစေဖို့ ဆက်လက်ကြိုးပမ်းဆောင်ရွက် နေပါတယ်” လို့လည်း သူက ပြောခဲ့ပါတယ်။
ဆက်ဆံရေး ပြေပြစ်သွားတဲ့ လက္ခဏာတရပ်အနေနဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်တို့ဟာ ဆော်ဒီအာရေဗျနိုင်ငံကို လာခဲ့ပြီး မင်းသားနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဆော်ဒီအာရေဗျဟာ ယူကရိန်းမှာ ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံခြားတိုက်ခိုက်ရေးသမားတွေကို ပြန်လွှတ်ဖို့ ကြားဝင် ဆောင်ရွက်ပေးပြီး သံတမန်ရေးရာ အောင်ပွဲတရပ်ကို ရခဲ့ပါတယ်။
ယူကရိန်းမှာ ရုရှားနဲ့ စစ်ပွဲဖြစ်နေလို့ ကမ္ဘာ့စွမ်းအင်ဈေးကွက် အပြင်းအထန် လှုပ်ခတ်နေချိန်မှာ ကမ္ဘာ့အကြီးဆုံးရေနံတင်ပို့တဲ့ နိုင်ငံဖြစ်တဲ့ ဆော်ဒီဟာ အမေရိကန် နဲ့ ရုရှား နှစ်နိုင်ငံလုံးအတွက် အရေးပါမှု တိုးလာနေပါတယ်။