ရုရှားရေနံစိမ်းကို ဈေးနှုန်းသတ်မှတ်ဖို့ ဥရောပသမဂ္ဂ (အီးယူ) နဲ့ စက်မှုထိပ်သီး ၇ နိုင်ငံအဖွဲ့ (G7) တို့ရဲ့ ဆုံးဖြတ်ချက်ကြောင့် ဖြစ်ပေါ်လာတဲ့ မသေချာ မရေရာတဲ့ အခြေအနေကြောင့် ရုရှားဟာ သူ့ရဲ့ ရေနံထုတ်လုပ်မှုကို အတန်အသင့် လျှော့ချဖို့ ဖြစ်နိုင်ခြေမရှိဘူးလို့ အကြီးတန်းအရာရှိတဦးက ဒီဇင်ဘာ ၆ ရက်မှာ ပြောကြားခဲ့ပါတယ်။
ရုရှားရေနံဟာ ကမ္ဘာ့ဈေးကွက်မှာ ဝယ်လိုအားရှိပြီး ရုရှားက သူ့ရဲ့ ရေနံဝယ်လက်ကို ရှာမှာဖြစ်ကြောင်း ရုရှားစွမ်းအင်ရေးရာတာဝန်ခံ ဒုတိယဝန်ကြီးချုပ် အလက်ဇန္ဒာ နိုဗက်ခ်က သတင်းထောက်တွေကို ပြောကြားပါတယ်။
ထောက်ပံ့ပို့ဆောင်ရေး ယန္တရားတွေနဲ့ ဝယ်ယူသူ အဖွဲ့အစည်းတွေကို အခု ပြောင်းလဲတော့မှာဖြစ်ပြီး ဒီနေရာမှာ ရုရှားကတော့ နစ်နာစရာမရှိဘူးလို့လည်း သူက ဆိုပါတယ်။
မော်စကိုဟာ ပြုပြင်ဖန်တီးထားပြီး စျေးကွက်မဟုတ်တဲ့ နည်းလမ်းနဲ့ ချမှတ်ထားတဲ့ ဈေးနှုန်းကန့်သတ်ချက်ကို လက်မခံကြောင်းလည်း နိုဗက်ခ်က ပြောပါတယ်။
သူတို့နည်းဟန်နဲ့ ဈေးနှုန်းသတ်မှတ်တာဟာ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကို ကျဆင်းစေမှု၊ ရေနံထောက်ပံ့မှု ပြတ်တောက်မှုနဲ့ နောက်ဆုံးမှာ ဈေးနှုန်းတွေ ပိုမိုမြင့်မားလာဖို့ကိုသာ ဦးတည်စေနိုင်တယ်လို့လည်း နိုဗက်ခ်က သတိပေးလိုက်ပါတယ်။
သဘာဝပတ်ဝန်းကျင်က စိန်ခေါ်မှုတွေ ပိုရှိနေပေမယ့် နိုင်ငံဟာ အာမခံယန္တရားအသစ်တွေ၊ ကုမ္ပဏီတွေအကြား ပူးပေါင်းဆောင်ရွက်မှု နည်းလမ်းသစ်တွေနဲ့ သယ်ယူပို့ဆောင်ရေး နည်းလမ်းသစ်တွေကို သုံးပြီး ရေနံကို ဆက်ရောင်းချသွားမှာဖြစ်တယ်လို့ သူကဆိုပါတယ်။
အီးယူအဖွဲ့ဝင်နိုင်ငံတွေဟာ ပြီးခဲ့တဲ့သီတင်းပတ်က ရုရှားပင်လယ်ထွက် ရေနံစိမ်းစျေးနှုန်း တစည်ကို အမေရိကန်ဒေါ်လာ ၆၀ သတ်မှတ်ဖို့ သဘောတူညီခဲ့ကြတာပါ။
လောင်စာကို ကန့်သတ်ဈေးနှုန်းထက် ဈေးပိုရောင်းရင် ရုရှားရေနံတင်ပို့မှုအတွက် အာမခံ၊ ဘဏ္ဍာရေးနဲ့ တခြားဝန်ဆောင်မှုတွေကို ပိတ်ပင်မှာဖြစ်ပါတယ်။
G7 နိုင်ငံတွေရဲ့ ဘဏ္ဍာရေးဝန်ကြီးတွေဟာ ရုရှားရေနံအပေါ် စျေးနှုန်းကန့်သတ် သတ်မှတ်ဖို့ စက်တင်ဘာလမှာ သဘောတူခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ်ဂျိုင်ရှန်ကာဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ လာ့ဗရော့ဗ်နဲ့ ရုရှားမြို့တော် မော်စကိုမှာ နိုဝင်ဘာ ၈ ရက်က တွေ့ဆုံခဲ့ပြီး အလားအလာရှိတဲ့ စွမ်းအင်ဆိုင်ရာ စီမံကိန်းတွေကို အဓိကထား ဆွေးနွေးခဲ့ပါတယ်။
နိုင်ငံအတွက် အကျိုးရှိလို့ ရုရှားရေနံကို အိန္ဒိယက ဆက်ဝယ်သွားမယ်လို့ ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဂျိုင်ရှန်ကာက ပြောပါတယ်။
ကမ္ဘာ့တတိယအကြီးဆုံး ရေနံတင်သွင်းသူဖြစ်ပြီး ရုရှားရဲ့ အစဉ်အလာ မဟာမိတ်ဖြစ်တဲ့ အိန္ဒိယဟာ ရုရှားနိုင်ငံရဲ့ ‘ယူကရိန်းအထူးစစ်ဆင်ရေး’ ကို ပြတ်ပြတ်သားသား မရှုတ်ချခဲ့ပါဘူး။
ဂျိုင်ရှန်ကာနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလာ့ဗရော့ဗ်တို့ကြား အင်္ဂါနေ့က တွေ့ဆုံမှုဟာ ပဉ္စမအကြိမ်မြောက် ဖြစ်ပါတယ်။
ကိုယ်စားလှယ်အဖွဲ့တွေဟာ အာတိတ်ဒေသ ကမ်းဦးရေတိမ်ပိုင်းနဲ့ ရုရှားအရှေ့ဖျားဒေသတို့က အလားအလာရှိတဲ့ စီမံကိန်းတွေကို ဆွေးနွေးခဲ့တယ်လို့ လာ့ဗရော့ဗ်က ပြောပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်က ယူကရိန်းကို ရုရှားက ကျူးကျော်ဝင်ရောက်မှုနဲ့ပတ်သက်ပြီး အနောက်နိုင်ငံဝယ်လက်တွေက ရှောင်ဖယ်ထားတဲ့အတွက် ရုရှားရေနံတွေကို လျှော့စျေးနဲ့ ရေနံချက်သူတွေက သိမ်းကျုံးယူခဲ့တာကြောင့် အိန္ဒိယဟာ ရုရှားရဲ့ အကြီးဆုံး ရေနံဝယ်ယူသူ ဖြစ်လာခဲ့ပါတယ်။