ထိုင်းနိုင်ငံမှာ ဆုန်ကရန် သင်္ကြန်ပွဲတော် ကျင်းပခွင့်ပြုလိုက်ပေမယ့် ပွဲတော်တွင်း အရက်သေစာ သောက်စားတာ၊ ရေမြုပ်ပါတီတွေ၊ ရေပက်ကစားတာတွေ၊ ပေါင်ဒါလိမ်းကျံ ပျော်ပါးကစားတာမျိုးတွေကိုတော့ တားမြစ်ထားမှာ ဖြစ်ပါတယ်။
ဒီကနေ့ မတ် ၁၈ ရက်နေ့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်းအိုချာ ပါဝင်တဲ့ ကိုဗစ်-၁၉ အခြေအနေ စီမံခန့်ခွဲရေးစင်တာ (စီစီအက်စ်အေ) အစည်းအဝေးမှာ ဆုံးဖြတ်လိုက်တာပါ။
ဝန်ကြီး ပရာယွတ်က သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးကို အိုမီခရွန်နဲ့ ကိုဗစ်-၁၉ ရောဂါပိုး စမ်းသပ်စစ်ဆေးမှုတွေနဲ့အတူ ရောဂါကူးစက်ပြန့်ပွားမှု လျှော့ချနိုင်ဖို့ အနီးကပ် စောင့်ကြည့်စစ်ဆေးသွားဖို့လည်း ညွှန်ကြားထားပါတယ်။
ကိုဗစ်-၁၉ က ခုချိန်မှာ အဆုံးသတ်သွားပြီလို့ မကြေညာနိုင်သေးကြောင်းနဲ့ ဆက်လက်ပြီးတော့ ကြိုတင်ကာကွယ်နိုင်ဖို့ အစီအစဉ်တွေ ပြင်ဆင်ထားရမယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ စီစီအက်စ်အေ အစည်းအဝေးကနေ ဆုန်ကရန် ရိုးရာသင်္ကြန်ပွဲကို အရက်သေစာ သောက်စားခွင့်မပြုဘဲ ကျင်းပဖို့ သဘောတူညီခဲ့ပြီး အခုနှစ်မှာတော့ ပြည်သူတွေဟာ ရေမြုပ်ပါတီတွေ၊ ရေပက်ကစားတာတွေ၊ ပေါင်ဒါလိမ်းကျံ ပျော်ပါး ကစားတာမျိုးတွေကို တားမြစ်ထားတာမို့ ပုံစံတမျိုးနဲ့ ဆင်နွှဲကြရမယ်လို့ ဆိုပါတယ်။
ဘုရားရုပ်ပွားတော်တွေကို ရေသပ္ပါယ်တာ၊ သက်ကြီးရွယ်အိုတွေကို ဒီကာလအတွင်း ကုသိုလ်ယူတာ၊ ဘုရားကျောင်းကန်တွေထဲက တခြားသော ရိုးရာလုပ်ဆောင်မှုတွေကိုတော့ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ပြုလုပ်နိုင်တယ်လို့ စီစီအက်စ်အေက ပြောပါတယ်။
ဒေသတွင်းနဲ့ ရပ်ရွာအဖွဲ့အစည်းတွေအနေနဲ့လည်း ပွဲလမ်းသဘင်တွေကို ကိုဗစ်-၁၉ ထိန်းချုပ်ရေး အစီအမံတွေကို လိုက်နာပြီး ကျင်းပနိုင်သလို လမ်းမတွေပေါ်လို အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေမှာ စုရုံးတာမျိုးတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေကတဆင့် ခွင့်ပြုချက်တောင်းခံ ဆင်နွှဲနိုင်မယ်လို့ ဆိုပါတယ်။
အခုနှစ်ရဲ့ ထိုင်းရိုးရာ ဆုန်ကရန်ပွဲတော်ကိုတော့ လာမယ့် ဧပြီ ၁၃ ရက်ကနေ ၁၅ ရက်အတွင်း ကျင်းပမှာ ဖြစ်ပါတယ်။
ဒါ့အပြင် စီစီအက်စ်အေအနေနဲ့ အခုမတ်လကုန်မှာ သက်တမ်းကုန်ဆုံးမယ့် အရေးပေါ်အမိန့်ကို နောက်ထပ် ၂ လ မေလကုန်အထိ သက်တမ်းထပ်တိုးသွားဖို့လည်း သဘောတူညီခဲ့တယ်လို့ ဆိုပါတယ်။