လက်ဘနွန်နဲ့ အစ္စရေးတို့ကြား ရေပိုင်နက်နယ်နိမိတ်သတ်မှတ်ရေး သမိုင်းဝင် သဘောတူညီချက် ရယူနိုင်ခဲ့ပြီးနောက် “သံတမန်ရေးအရ အလွန်အောင်မြင်မှု”လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က အောက်တိုဘာ ၁၁ ရက်မှာ ပြောလိုက်ပါတယ်။
လာမယ့်လတွေအတွင်း နှစ်နိုင်ငံစလုံးကို အမေရိကန်က ဆက်ပံ့ပိုးသွားမယ်လို့ ဘလင်ကန်က ပြောပါတယ်။
အပြီးသတ်သဘောတူညီချက်ဟာ စစ်ပွဲနဲ့ ရန်လိုမှုသမိုင်းရှိတဲ့ အိမ်နီးချင်းနှစ်နိုင်ငံအကြား သိသာထင်ရှားတဲ့ အပေးအယူလုပ်မှုတခုဖြစ်ပြီး ကမ်းလွန် စွမ်းအင်ရှာဖွေရေး လမ်းဖွင့်ပေးထားပါတယ်။
“ဒါဟာ အစ္စရေးရဲ့ လုံခြုံရေးကို အားကောင်းစေမယ့် သမိုင်းဝင် အောင်မြင်မှုဖြစ်ပြီး မြောက်ပိုင်းနယ်စပ် တည်ငြိမ်မှုကို သေချာစေမယ့် သမိုင်းဝင် အောင်မြင်မှုတခုပါ” လို့ အစ္စရေးဝန်ကြီးချုပ် ယဲ လာပစ်က ထုတ်ပြန်ချက်ထဲမှာ ပြောပါတယ်။
လက်ဘနွန်သမ္မတ မီရှဲလ် အာဝင်က နောက်ဆုံး အမေရိကန် အဆိုပြုချက်ရဲ့ စည်းကမ်းချက်တွေက ကျေနပ်စရာကောင်းပြီး သဘောတူညီချက်ကို တတ်နိုင်သမျှ အမြန်ဆုံး ထုတ်ပြန်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အာဝင်နဲ့ လာပစ်တို့ကို ချီးကျူးဂုဏ်ပြုဖို့ အင်္ဂါနေ့က ဖုန်းခေါ်ခဲ့တာပါ။
သဘောတူညီချက်ဟာ သဘာဝဓာတ်ငွေ့ရှာဖို့ ရည်မှန်းထားတဲ့ လက်ဘနွန်နိုင်ငံ အရှေ့ဘက် မြေထဲပင်လယ်ထဲက အငြင်းပွားနေတဲ့ နယ်မြေပိုင်ဆိုင်မှုကို ဖြေရှင်းဖို့ ရည်ရွယ်ထားပါတယ်။ အစ္စရေးဟာ အဲဒီနေရာအနားက လယ်ကွင်းတွေကနေ သဘာဝဓာတ်ငွေ့ကို ထုတ်နေပါတယ်။