တနင်္သာရီတိုင်း၊ ရေဖြူမြို့၊ ထားဝယ်မြစ်အနောက်ဘက်ကမ်း လမ်းဆုံမှာ ဧပြီ ၂၁ ရက် မနက် ၁၁ နာရီလောက်က ရေဖြူမြို့ဆေးရုံဘက်ကနေ ရေဖြူမြို့တွင်းကို ဦးတည်မောင်းနှင်လာတဲ့ ကားတစီးကို စစ်ကောင်စီတပ်က ဟန့်တားရာ မရပ်လို့ဆိုပြီး ပစ်ခတ်ခဲ့တာကြောင့် အမျိုးသား တယောက်သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
သေဆုံးသူအမျိုးသားဟာ ရေဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနရုံးက ဝန်ထမ်းဟောင်း အသက် ၃၀ အရွယ် သစ်တိုထောင့်ရွာသား ကိုကောင်းဝေယံဦး (ခ) ကိုသားကြီးဖြစ်ပါတယ်။
မြို့ခံတဦးက “ရေဖြူမှာ လဝကရုံး မီးလောင်ပြီးကတည်းက စစ်တပ်က မြို့ထဲနေရာ တော်တော်များများ လာတပ်စွဲထားတာ။ ဂိတ်ပုံစံမျိုးမဟုတ်ဘဲနဲ့ လမ်းဆုံတွေမှာ ရှောင်တခင် ထွက်စစ်တာမျိုးလည်း ရှိတယ်။ အဲဒီလို အခါကျ မမြင်ရလို့ မရပ်ပေးရင် အခုလို ပစ်တာခတ်တာတွေ ဖြစ်တာပဲ” လို့ ပြောပါတယ်။
သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားသူရဲ့ ရုပ်အလောင်းကိုတော့ ဇာတိရွာဖြစ်တဲ့ သစ်တိုထောင့်ရွာကို မိသားစုက ပြန်သယ်ဆောင်သွားတယ်လို့ သိရပါတယ်။
ဧပြီပထမအပတ်မှာလည်း ရေဖြူမြို့နယ်ထဲက ဆိုင်ကယ်စီးခွင့်ပိတ်ခံထားရတဲ့ ကံပေါက်ဒေသ၊ ဇာဒီရွာမှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတဦးကို ရပ်တန့်ခိုင်းစဉ် မရပ်ပေးတဲ့အတွက် မောရဝတီ ရေတပ်က စစ်သားတွေက ပစ်သတ်ခဲ့ပါတယ်။
တနင်္သာရီတိုင်း ရေဖြူမြို့နယ်ထဲက ၃၀၂ အမြောက်တပ်နဲ့ အစိုးရုံးတချို့ကို PDF ပူးပေါင်းအဖွဲ့တွေက မတ် ၂၄ ရက်နဲ့ ၂၅ ရက်တွေမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇီးကျရွာက ဆောက်လုပ်ဆဲ အဆောက်အအုံတခုနဲ့ ၃၀၂ အမြောက်တပ်ကို မတ် ၂၄ ရက် မနက်နဲ့ ညပိုင်းတွေမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး ၂၅ ရက် ညသန်းခေါင်ကျော်မှာတော့ နတလရုံးနဲ့ မြို့မရဲစခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ PDF မဟာမိတ်အဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။
ဇဟာရွာ နဲ့ ဇီးကျရွာကြုးက အမြှောက်တပ်နဲ့ စစ်ကောင်စီတပ်သားတွေ လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရပြီးနောက် အပြန်လှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး ဇဟာရွာက ခြံဝင်းတခုထဲကို လက်နက်ကြီး တလုံး ကျရောက်ပေါက်ကွဲခဲ့ကာ လူထိခိုက်တာမျိုး မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မတ် ၂၅ ရက် ည ၁၂ နာရီကျော်မှာလည်း ရေဖြူမြို့ ထားဝယ်မြစ်အနောက်ဘက်ကမ်းမှာရှိတဲ့ ရပ်ကွက်တွေမှာ လက်နက်ကြီး ပစ်ခတ်သံတွေ ကြားရပြီး နတလရုံး မီးလောင်သွားတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
ရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ထိခိုက်မှုအခြေအနေကိုတော့ အတည် မပြုနိုင်သေးဘူးလို့ သိရပါတယ်။
လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်သံတွေ ကြားရပြီးနောက် ရေဖြူမြို့ “ခ” ရပ်ကွက် နေအိမ်တလုံးကို လက်နက်ကြီး ကျပြီး အသက် ၈၀ ကျော် အမျိုးသမီးကြီး တယောက် ထိမှန်ကာ ထားဝယ်ဆေးရုံကြီးမှာ ဆေးကုသနေရတယ်လို့ အဲဒီရပ်ကွက်နေသူတွေက ပြောပါတယ်။
ရေဖြူမြို့မှာ မတ် ၂၅ ရက်က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရော ပြည်သူကာကွယ်ရေးတပ်တွေဘက်ကပါ ဒီနေ့အထိ တစုံတရာထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။
စစ်အာဏာသိမ်းပြီးနောက် ရေဖြူမြို့ပေါ်မှာ ဌာနဆိုင်ရာရုံးတွေ ပေါက်ကွဲမှု ၆ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး စရဖရုံး လဝကရုံး နဲ့ နတလရုံး ၃ ရုံးကတော့ မီးလောင်ပျက်စီးခဲ့ပါတယ်။