မွန်ပြည်နယ်၊ ရေးမြို့မှာ မြစ်ရေကြီးနေပြီး ဇူလိုင် ၂၇ ရက် ဒီနေ့မနက် ရေတွေ တဖြည်းဖြည်းပဲ ကျဆင်းနေလို့ ယာယီရွှေ့ပြောင်းကြတဲ့ ရေဘေးသင့် ပြည်သူတွေ နေအိမ်တွေကို မပြန်ရရှိသေးဘဲ ယာယီကယ်ဆယ်ရေးစခန်းမှာ ဆက်လက် ခိုလှုံနေရပါတယ်။
“မြို့ပေါ်ရပ်ကွက် အနိမ့်ပိုင်းက လူနေအိမ်တွေမှာ ရေက ၄ ပေ ၅ ပေ လောက်အထိ တက်လာတယ်။ အခု ဒီမနက်မှ မိုးက ရွာတာ နားတော့ ရေလည်း တဖြည်းဖြည်း ပြန်ကျပေမယ့် ပင်လယ် ဒီရေတက်ချိန်နဲ့ဆို ရေက ပြန်တက်လာမှာကို စိုးရိမ်ရတာကြောင့် ရေနစ်မြုပ်တဲ့ နေအိမ်တွေကို မပြန်နိုင်သေးဘူး” လို့ ရေဘေးသင့် ပြည်သူတဦးက ပြောပါတယ်။
အနိမ့်ပိုင်းမှာရှိတဲ့ နေအိမ်တွေမှာ နေတဲ့ ပြည်သူအများစုကတော့ နီးစပ်ရာ ရေလွတ်တဲ့နေအိမ် တွေမှာ လိုက်ပြီး နေရပါတယ်။
ယာယီကယ် ဆယ်ရေးစခန်းမှာတော့ အိမ်ထောင်စု ၅၄ စုမှ ရေဘေးသင့် ပြည်သူ ၂၁၇ ဦးရှိပြီး အများစုဟာ ရွှေ့ပြောင်း လုပ်သားဖြစ်ပါတယ်။
ရေးဘေးသင့်သူတွေအတွက် လိုအပ်တဲ့ အကူညီတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ကူညီဆောင်ရွက်ပေးထားပါတယ်။
ရေးမြို့ ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေအပြင် အနိမ့်ပိုင်းက လူနေအိမ်တွေနဲ့ ဈေးဆိုင်တွေ အချိန်မီ ရွှေ့ပြောင်းထားနိုင်လို့ ပျက်စီးဆုံးရှုံးမှု အနည်းငယ်သာရှိတယ်လို့ သိရပါတယ်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့မှာ ဒီကနေ့ ဇူလိုင် ၂၆ ရက်နေ့ မနက်ပိုင်းကတည်းက မိုးအဆက်မပြတ် ရွာသွန်းနေတဲ့အတွက်ကြောင့် မြို့ရဲ့ အနိမ့်ပိုင်း ရပ်ကွက်တွေ ရေနှစ်မြှုပ်သွားပြီလို့ ဒေသခံတွေက DVB ကို ပြောပါတယ်။
အခုအခါ မြို့ရဲ့ အမှတ် ၂၊ ၃ နဲ့ အမှတ် ၆ ရပ်ကွက်တွေမှာ ရေ ၁၀ ပေလောက်ထိ မြင့်တက်လာပြီး နေအိမ်အချို့ ရေနှစ်မြှုပ်သွားခဲ့တာ ဖြစ်ပါတယ်။
ရေနှစ်မြှုပ်သွားတဲ့အတွက်ကြောင့် အဲဒီရပ်ကွက်နေသူ အိမ်ထောင်စု ၁၅၀ ကျော်၊ လူဦးရေ ၆၀၀ နီးပါးကို ဘေးလွတ်ရာ ပြောင်းရွှေ့ထားရပါတယ်။
ကြာအင်းဆိပ်ကြီးမြို့ ရေးကြီးမှုကြောင့် ယာယီကယ်ဆယ်ရေစခန်း ၄ ခု ဖွင့်လှစ်ထားရပြီး ကယ်ဆယ်ရေးစခန်းတွေ ထပ်ဖွင့်ဖို့ လုပ်ဆောင်နေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ကြာအင်းဆိပ်ကြီးမြို့ ရဲ့ အနိမ့်ပိုင်း ရပ်ကွက်တွေဟာ နှစ်စဉ် ရေကြီးမှုနဲ့ ရင်ဆိုင်နေရပြီး၊ ပုံမှန်ဆိုရင် တစ်ရက်လောက် ရေကြီးပြီး ရေပြန်ကျသွားပေမယ့် ဒီနှစ်မှာတော့ ရေက ကျဆင်းခြင်း မရှိဘဲ ဆက်လက် မြင့်တက်နေတာပါ။
လက်ရှိမှာတော့ ယာယီကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေတဲ့ ရေဘေးသင့်ပြည်သူတွေ အတွက် အကူအညီတွေ လိုအပ်နေပါတယ်။