close

ရေမဆေးကျောက်ရှာဖွေသူ

close

May 23, 2022

ဖားကန့်တွင် ရေမဆေးကျောက်ရှာဖွေသူ ၁ ဦးကို စစ်တပ်က ပစ်သတ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စု၊ ကရင်ချောင်ကျေးရွာအနီးမှာ မေ ၂၃ ရက် မနက်ပိုင်းက ရေမဆေးကျောက်ရှာသူ တယောက်ကို  စစ်ကောင်စီတပ်က အကြောင်းမဲ့ပစ်သတ်ခဲ့တယ်လို့ မျက်မြင်တွေ့သူက ပြောပါတယ်။ 

စစ်ကောင် စီစစ်ကြောင်းဟာ နန့်မှော်ဘက်ကနေ ဆင်းလာတာဖြစ်ပြီး ကရင်ချောင်ရွာ တံတားအနီး အရောက်မှာ အဝေးကနေ သေနတ်နဲ့ ပစ်သတ်လိုက်တာဖြစ်တယ်လို့ဆိုပါတယ်။

“ပစ်ပြီးတော့ မှန်ပြီ၊ မှန်ပြီ ဆိုပြီး စစ်သားတွေက အော်နေကြတယ်”လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ရေမဆေးကျောက်သမားက  ပြောပါတယ်။  

သေဆုံးသွားတဲ့ ရေမဆေးကျောက်ရှာဖွေသူကတော့ ဘယ်သူဘယ်ဝါဆိုတာကို မသိရှိရသေးဘဲ သေဆုံးသူရဲ့ လက်ကိုင်ဖုန်းကိုတော့ စစ်သားတွေက ယူဆောင်သွားတယ်လို့ ဆိုပါတယ်။  

လက်ရှိ သေဆုံးသွားသူရဲ့အလောင်းကို အနီးအနားမှာရှိတဲ့ လူမှုကူညီရေးကားနဲ့ တင်ဆောင်ပြီး ဖားကန့်ပြည်သူ့ဆေးရုံ ရင်ခွဲဌာနကို ပို့ဆောင်ထားပါတယ်။ 

အဲဒီစစ်ကြောင်းဟာ ကရင်ချောင်ကျေးရွာကို လက်နက်ကြီး လက်နက်ငယ်တွေ အသုံးပြုပြီး ရမ်းသန်းပစ်ခတ်ခဲ့တဲ့အတွက် ရပ်ကွက်အတွင်းမှာရှိတဲ့ နေအိမ်တလုံး ပျက်စီးသွားပြီး အမျိုးသမီး တယောက်လည်း ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့လည်း သိရပါတယ်။

3 hours Ago

July 3, 2020

ဖားကန့်မြေပြိုမှုနှင့်စပ်လျဉ်း၍ တာဝန်ရှိသူအဆင့်ဆင့်ကိုဖော်ထုတ်ရန် သမ္မတက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း

ကချင်ပြည်နယ်၊ ဖားကန့်ရတနာနယ်မြေမှာ  မြေပြိုကျပြီး လူတွေရာနဲ့ချီသေဆုံးခဲ့ရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ တာဝန်ရှိသူအဆင့်ဆင့်ကို  စုံစမ်းဖော်ထုတ်ဖို့ ဒီကနေ့ ဇူလိုင် ၃ ရက်နေ့မှာ  နိုင်ငံတော် သမ္မတက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း တာဝန်ပေးလိုက်ပါတယ်။ “လုံးခင်း၊ဖားကန့်ရတနာနယ်မြေအတွင်း မြေပြိုကျမှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေး အဖွဲ့”ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီး ဦးအုန်းဝင်းက ဥက္ကဋ္ဌ အဖြစ် ခေါင်းဆောင်မှာဖြစ်ပြီး မြန်မာကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက အတွင်းရေးမှူး၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဦးထွန်းဇော်က တွဲဖက်အတွင်းရေးမှူး အဖြစ် တာဝန်ယူမှာဖြစ်ပါတယ်။ အဖွဲ့ဝင်တွေအဖြစ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်တို့ကို တာဝန်ပေးထားပါတယ်။ စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ မြေပြိုကျတဲ့ ဖြစ်စဉ်ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းဖော်ထုတ်ဖို့၊ ဖြစ်စဉ်နဲ့ပတ်သက်ပြီး တာဝန်ရှိသူ အဆင့်ဆင့်ကို စုံစမ်းဖော်ထုတ်ဖို့၊ သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေရဲ့ မိသားစုအတွက် လိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေ ဆောင်ရွက်ပေးဖို့နဲ့ နောင်အလားတူမဖြစ်စေဖို့အတွက် လုံခြုံရေးအပါအဝင်ဆောင်ရွက်ရမယ့် အစီအမံတွေကို အကြံပြုတင်ပြရမှာ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို နိုင်ငံတော်သမ္မတရုံးထံ ဆောလျင်စွာ အစီရင်ခံတင်ပြဖို့လည်း သမ္မတဦးဝင်းမြင့် လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ သမ္မတရုံးရဲ့ အမိန့်ကြော်ငြာစာမှာ ပါရှိပါတယ်။  ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာရှိ ကျောက်မျက်လုပ်ကွက်တစ်ခုမှာ မနေ့မနက် ၈ နာရီလောက်က  မိုးသည်းထန်စွာရွာသွန်းလို့ မြေပြိုကျခဲ့တာဖြစ်ပြီး ဒီနေ့ မွန်းလွဲပိုင်းအထိ သေဆုံးသူ ၁၇၂ ကျော်နဲ့  ဒဏ်ရာရသူ ၅၄ ကျော်ရှိနေပြီလို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဖားကန့်ဒေသမှာ မြေပြိုကျပြီး ရေမဆေးကျောက်ရှာဖွေသူတွေသေဆုံးခဲ့ရတာဟာ နိုင်ငံအတွက် ဝမ်းနည်းစရာဖြစ်တဲ့အကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားထားပါတယ်။ ဓာတ်ပုံ-မီးသတ်တပ်ဖွဲ့
2 years Ago

ဖားကန့်မြေပြိုမှုတွင် သေဆုံးသူ ၁၇၀ ကျော်အထိ ထပ်တိုးလာ 

ကချင်ပြည်နယ်၊ ဖားကန့်ဒေသ မြေပြိုကျတဲ့နေရာမှာ  သေဆုံးပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက  ဒုတိယနေ့အဖြစ် ဆက်လက်ရှာဖွေနေကြပြီး ဒီနေ့ မွန်းလွဲပိုင်းအထိ သေဆုံးသူ ၁၇၀ ကျော်ရှိသွားပြီလို့  မီးသတ်တပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။  ဇူလိုင် ၃ ရက် မွန်းတည့် ၁၂ နာရီကျော်အထိ သေဆုံးသူ  ၁၇၂ ဦးရဲ့ ရုပ်အလောင်းတွေကို   ရှာဖွေတွေ့ရှိထားပြီး  ဒဏ်ရာရရှိသူ စုစုပေါင်း ၅၄ ဦးကို  ဖားကန့်ဆေးရုံနဲ့ ဝှေခါတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာရှိ ကျောက်မျက်လုပ်ကွက်တစ်ခုမှာ မနေ့မနက် ၈ နာရီလောက်က  မိုးသည်းထန်စွာရွာသွန်းလို့ မြေပြိုကျခဲ့တာဖြစ်ပြီး  ဒီကနေ့လည်း မိုးရွာနေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ခက်ခက်ခဲခဲ ဆောင်ရွက်နေကြရပါတယ်။ ဖားကန့်ဒေသမှာ မြေပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူတွေ  သေဆုံးခဲ့ရတာဟာ နိုင်ငံအတွက် ဝမ်းနည်းစရာဖြစ်တဲ့အကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောကြားထားသလို ကာကွယ်ရေးဦးစီးချုပ်ရုံးကလည်း  ဝမ်းနည်းကြောင်း ထုတ်ပြန်ထားပါတယ်။  ဓာတ်ပုံ- မီးသတ်တပ်ဖွဲ့ 
2 years Ago
Up