close

ရေမဆေးကျောက်

close

December 19, 2021

ဖားကန့်တွင် စွန့်ပစ်မြေစာပုံပြိုကျ၊ ရေမဆေးကျောက်ရှာသမား အချို့သေဆုံး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်မှာ မနေ့ညသန်းခေါင်ကျော် ဒီဇင်ဘာ ၁၉ ရက်မနက်အစောပိုင်းက တရားမဝင်ကျောက်စိမ်းတူးဖော်လုပ်ငန်းက စွန့်ပစ်မြေစာပုံ ပြိုကျပြီး   ရေမဆေးကျောက်ရှာဖွေသူ အနည်းဆုံး ၆ ယောက်ကနေ ၁၀ ယောက်လောက်အထိ သေဆုံး ဒါမှမဟုတ်‌ ပျောက်ဆုံးနေပါတယ်။

အေးမြသာယာရပ်ကွက်အပိုင်  မနမှော်လို့လူသိများတဲ့  မနကျေးရွာနဲ့ ဆိုင်းဂျာဘုံကျေးရွာကြားက  တရားမဝင်ကျောက်စိမ်းတူးဖော်လုပ်ငန်းခွင်မှာ စွန့်ပစ်မြေစာပုံပြိုကျခဲ့တာပါ။

မြေစာပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေနေတဲ့ ရေမဆေးသမား ၆ ယောက်ထက်မနည်း မြေစာအောက်မှာ နစ်မြုပ်သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ရေမဆေးသမားတဦးက ဒီဗွီဘီကို ပြောပါတယ်။

"မြေစာက လုပ်ကွက်ဟောင်းရေကန်ထဲမှာ သွန်တာဆိုတော့ မြေစာခါးကျိုးသွားတာ။ အောက်ခြေရေကန်နဲ့ ကားသွန်တဲ့အပေါ်မြေပြင်ကြားက မြေစာခါးကျိုးသွားတာဗျ။ အဲ့နားမှာရှာနေ တဲ့လူတွေ ကျနော့်ရှေ့တင်ပါကုန်တာ။”

တခြားဒေသခံတဦးကလည်း  ဒီမနက်အစောပိုင်း  ၂ နာရီလောက်က မြေစာပုံပြိုကျပြီး ဒီညနေပိုင်းအထိ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေဆဲ ဖြစ်ပေမဲ့ သေဆုံးသူတွေကို ရှာဖွေမရခဲ့ဘူးလို့ ပြောပါတယ်။ 

“ယာဉ်မောင်းတစ်ဦးရယ်၊ ယာဉ်လမ်းပြ တစ်ဦးရယ်၊ ရေမဆေးရှာတဲ့ ကျောက်တူးသမားတွေ ပါသွားတယ်။ ၁၀ ယောက်လောက် ရှိမယ်။ ညနေစောင်း အထိ ကယ်ဆယ်ရေးတွေနဲ့ ရှာတာ။ ဘာမှ ပြန်မတွေ့ဘူး” လို့ ဒေသခံက  ပြောပါတယ်။ 

မြေစာပြိုရာမှာ နစ်မြုပ်သေဆုံးသွားသူတွေကို ဒီဇင်ဘာ ၁၉ ရက် ဒီနေ့ညအထိ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ခြင်းမရှိသလို လုပ်ဖို့လည်းမဖြစ်နိုင်ဘူးလို့ မန ရွာသားတဦးက ပြောပါတယ်။

"ရေကန်အနက်ကြီး မြုပ်သွားတဲ့လူတွေကို ဘယ်လိုသွားရှာလို့ရမှာလဲ။ နှစ်ရက်သုံးရက်နေလို့ အလောင်းပေါ်လာမှ ပိုင်ရှင်တွေကို အကြောင်းကြာရုံပေါ့။”

အခင်းဖြစ်ပွားတဲ့ လုပ်ကွက်ဟောင်းရေကန်ထဲကို တရားမဝင်ကျောက်စိမ်းတူးလုပ်ငန်းတွေက စွန့်ပစ်မြေစာတွေ လာရောက်ပြီး စွန့်ပစ်ကြတာလို့ လည်း သိရပါတယ်။

မြေမြုပ်သေဆုံးသူအများစုဟာ ဆိုင်ဂျာဘွမ်ကျေးရွာက ကချင်တိုင်းရင်းသား လူငယ်အများစုဖြစ်တယ်လို့  ဆိုင်းဂျာဘွမ်ရွာသားတဦးက ပြောပါတယ်။ 

ဖားကန့်ရတနာနယ်မြေမှာ တရားမဝင်ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းတွေ အများအပြား လုပ်ဆောင်နေတာဖြစ်ပြီး နိုဝင်ဘာ ၂ ရက်က လုံးခင်းကျေးရွာအုပ်စု၊ ငိုးပင်းကျေးရွာအနီးမှာ တရားမဝင်ကျောက်စိမ်းတူးဖော်နေတဲ့ ဘက်ဟိုးကားမောင်းသမားတယောက် သေဆုံးခဲ့ရသလို  ဒီဇင်ဘာ ၁၀ ရက်ညကလည်း ရှရောခကျေးရွာက ကချင်လူငယ် မောင်ခေါဆောင်ဟာ ဘက်ဟိုးကားနဲ့ မတော်တဆ ထိခိုက်မှုဖြစ်ပြီး သေဆုံးသွားခဲ့ရပါတယ်။ 

ဖားကန့်ရတနာနယ်မြေက ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေဟာ စက်ယန္တရားတွေ အမြောက်အမြားသုံးပြီး  စည်းကမ်းမဲ့တူးဖော်နေတာကြောင့် နောက်နောင်အလားတူ ဖြစ်ရပ် မျိုးတွေ ထပ်မံဖြစ်ပွားမှာကို ဒေသခံတွေက  စိုးရိမ်နေကြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်မှာ ​ကျောက်စိမ်းတရားမဝင်တူး​ဖော်မှု​တွေ ​အောက်တိုဘာလ​လောက်က ပြန်လည်စတင် လုပ်ဆောင်နေပြီး  ကန့်သတ်ထားတဲ့ စက်ယန္တရားတွေ အ​မြောက်အမြားအသုံးပြုကာ နေ့ရောညပါ ကျောက်စိမ်းတူးဖော်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

1 min Ago
Up