ရေဦးမြို့နယ် ရေမြက်ကျေးရွာမှာ စစ်ကောင်စီတပ်က ရဟတ်ယာဉ်တွေနဲ့ ဝင်ရောက်ပစ်ခတ်ပြီး ကျေးရွာကို မီးရှို့ဖျက်ဆီးတာတွေပြုလုပ်ခဲ့တာကြောင့် ကျေးရွာရဲ့ အိမ်ခြေ တဝက်ကျော် ဆုံးရှုံးသွားတယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။
ရေမြက်ကျေးရွာဟာ အိမ်ခြေ ၁၄၀ ကျော်လောက်ရှိတဲ့ ကျေးရွာဖြစ်ပြီး ဒီဇင်ဘာ ၂၃ ရက်နေ့က နေအိမ်အလုံးရေ ၈၀ လောက်ကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျေးရွာဟာ တအိမ်နဲ့တအိမ် ခြံစည်းရိုးခြားထားမှု မရှိတဲ့အတွက် မီးရှို့ပြီး ပြာကျနေတဲ့ အိမ်ခြေအရေအတွက်ကို ခန့်မှန်းခြေသာပြောနိုင်ပြီး အတိအကျကိုတော့ မပြောနိုင်သေးဘူးလို့ ကျေးရွာအတွင်း ဝင်ရောက်ကြည့်ရှုခဲ့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ ၇ ဦးလောင်း တွေ့ရှိထားပြီး ကျေးရွာအနီးကို ဒေသခံတွေ မပြန်ရဲကြသေးတဲ့အတွက် အလောင်းအရေအတွက် အတိအကျကို မသိနိုင်သေးဘူးလို့ သိရပါတယ်။
“အခုလောလောဆယ်တော့ အလောင်း ၇ လောင်းတွေ့ထားတယ် ဒါပေမယ့် အသေအပျောက်ကတော့ များနိုင်တယ်။ ရွာပျက်သလောက်ကို ဖြစ်သွားပြီ၊ အိမ်ခြေက ၁၄၀ ကျော်လောက်ရှိမယ်၊ ပျက်စီးသွားတာ ဖျက်ဆီးခံလိုက်ရတာက ၇၀ ကျော် ၈၀လောက်ရှိမယ်။ အရေအတွက်ကတော့ သေချာတော့မသိရသေးဘူး။ ပုံပြီးမီးရှို့သွားတာတွေလည်းရှိတော့ တစ်အိမ်နဲ့တစ်အိမ်က စည်းရယ်လို့ ခွဲခြားမှုလည်းသိပ်မရှိတော့ သေချာ အတပ်မပြောနိင်သေးဘူး” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ရေမြက်ကျေးရွာကို စစ်ကောင်စီက ရဟတ်ယာဉ် ၅ စီးနဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့က စတင်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျေးရွာထွက်ပေါက်တွေကိုလည်း အင်အား ၈၀ ကျော်လောက်နဲ့ ပိတ်ဆို့ ထားတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ ရေမြက်ကျေးရွာအပါအဝင် ရေဦးမြို့နယ်အတွင်းက လေးရွာအုပ်စု၊ ပလူဇဝအုပ်စု၊ ကွမ်းအုံအုပ်စုနဲ့ ဝသဲ အုပ်စု၊ ခေါင်နွဲ့အုပ်စု၊ ပေကြီးအုပ်စု ၊ တမတောအုပ်စုနဲ့ မကျီးနီအုပ်စုက ကျေးရွာဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံ PDF အဖွဲ့တွေဆီက သိရပါတယ်။
ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒေသခံတွေဟာ တောထဲနေရာတွေနဲ့ အနီးနား ကျေးရွာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီက ရေမျက်ကျေးရွာအတွင်းမှာ KIA နဲ့ ဒေသခံ PDF အဖွဲ့တို့ အစည်းအဝေးပြုလုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရဟတ်ယာဉ် ၅ စီးအသုံးပြုပြီး တိုက်ခိုက်ခဲ့ရာမှာ ကျေးရွာဒေသခံတွေ သေဆုံးခဲ့တာဖြစ်ပါတယ်။
“အနားဝန်းကျင်တောထဲတွေမှာ နဲ့ အနီးနားက ကျေးရွာတွေမှာ ရှောင်တိမ်းနေကြရ ရွာကိုဘယ်သူမှတော့ ပြန်မကပ်ရဲကြသေးဘူးဗျ။ ကျေးရွာဒေသခံတွေကိုသတ်ဖြတ်ပြီး အိမ်တွေကို မီးရှို့သွားတာ၊ ကျေးရွာဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေက ရေမြက်ကျေးရွာအတွင်း ဒီဇင်ဘာ ၂၃ ရက်နေ့ မီးရှို့ဖျက်ဆီးပြီးနောက် ပြန်လည်ထွက်ခွာသွားပေမယ့် အနီး ကျေးရွာတွေမှာ ဝင်ရောက်ဆီးနင်းရှာဖွေမှုတွေ ပြုလုပ်နေတာကြောင့် ဒေသခံတွေ မပြန်ရဲကြသေးဘူးလို့ သိရပါတယ်။
ဒီဇင်ဘာ ၂၀ ရက်နေ့က စတင်ပြီး စစ်ကောင်စီက ရေမျက်ကျေးရွာကို မြေပြင်၊ ဝေဟင် နှစ်ခုလုံးကနေ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ရေမြက်ကျေးရွာကို စစ်ကောင်စီက ရဟတ်ယာဉ်ငါးစီးနဲ့ ဝင်ရောက် ပစ်ခတ်တာကြောင့် ထွက်ပြေးတိမ်းရှောင်ကြတဲ့ ပြည်သူတွေရဲ့ အလောင်း ၇ လောင်းကို တွေ့ရှိခဲ့တယ်လို့ ဒေသခံ PDF အဖွဲ့တွေဆီက သိရပါတယ်။
“Dead Body အလောင်း ၇လောင်းအထိ ရှာတွေ့ထားတယ်။ DB တွေမှာ ရဲဒင်းနဲ့ခုတ်၊ မီးရှို့၊ သေနတ်နဲ့ခေါင်း တေ့ပစ်ထားတာတွေ တွေ့ရတယ်။ အမျိုးသမီးအလောင်းကိုလည်း တွေ့ထားတယ်”လို့ ဒေသခံ PDF အဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ရေမြက်ကျေးရွာကို စစ်ကောင်စီက ရဟတ်ယာဉ် ၅ စီးနဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့က စတင်ကာ ပစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီး ကျေးရွာ ထွက်ပေါက်တွေကို အင်အား ၈၀ ကျော်လောက်နဲ့ ပိတ်ဆို့ထားခဲ့တာလို့ သိရပါတယ်။
ဒီဇင်ဘာ ၂၃ ရက်နေ့မှာတော့ ကျေးရွာအတွင်း နေအိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ကျေးရွာဒေသခံတချို့က ကျေးရွာအတွင်းဝင်ရောက်ကြည့်ရှုရာက အလောင်း ၇ လောင်းကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။
ကျေးရွာလုံးကျွတ်နီးပါး နေအိမ်များစွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်အတွင်းက တန်ဖိုးကြီး ပစ္စည်းတွေကိုလည်း ခိုးယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတစ်ဦးက “စစ်တပ်က လက်နက်ကြီးတွေနဲ့ ရွာထဲကို ပစ်တယ်။ ရဟတ်ယာဉ်တွေပျံဝဲပြီးတော့ လက်နက်ကြီးတွေ နဲ့ထုတယ် ပစ်တယ်၊ ရွာထဲက လူတွေ အကုန် ခြေဦးတည့်ရာ ပြေးကြရတာ၊ ပြီးတော့ အိမ်တွေထဲက အဖိုးတန်တဲ့ပစ္စည်းတွေကိုယူတယ် မီးရှို့တယ်။ အခုထိ မီးရှို့ခံထားရတဲ့ အိမ်အလုံးရေကို အတိအကျ မသိရသေးဘူးဗျ။ ဒီကနေ့မှ ရွာကတချို့ ရွာထဲပြန်ဝင်ပြီးတော့ ကြည့်တော့မှ လက်နက်မှန်သေတဲ့သူရယ်၊ အိမ်ထဲက ဘယ်မှ ထွက်မပြေးနိုင်တဲ့ အသက်ကြီးတဲ့ သူရယ်၊ အလောင်း ၇ လောင်းကိုတော့ တွေ့ထားရတယ်၊ ဒီထက် မကလည်းရှိနိုင်သေးတယ်။ ကျနော်တို့မှာ လုပ်ကိုင်စားရတဲ့ ကျွဲနွားတွေလည်း မရှိတော့ဘူးဗျာ အကုန် မီးရှို့ခံရလို့ သေတာနဲ့ လက်နက်ထိလို့ သေကုန်တာနဲ့ပါ။ စစ်တပ်ကိုလည်း မြန်မြန်ပြန်စေချင်နေပါပြီ မဟုတ်ရင် တစ်ရွာလုံး သေကုန်ကြရတော့မှာပါ။ အခုအချိန်က ခဏငြိမ်နေတဲ့အခြေအနေ ဟိုနေ့ကလိုပဲ ထပ်ပြီးပြန်လာမလား မပြောနိုင်သေးဘူးဗျ” လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီကြောင့် ရေဦးမြို့နယ်အတွင်း ရေမြက်ကျေးရွာအပါအဝင် လေးရွာအုပ်စု၊ ပလူဇ၀၊ ကွမ်းအုံ၊ ရေမျက်၊ ဝသဲ၊ ခေါင်နွဲ့၊ ပေကြီး၊ တမတောနဲ့ မကျီးနီ စတဲ့ အုပ်စုအတွင်းမှာရှိတဲ့ ကျေးရွာဒေသခံတွေ ထွက်ပြေးနေရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေဦးက ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၂၀ ရက်နေ့က စစ်ကောင်စီက ရဟတ်ယာဉ်သုံးပစ်ခတ်ခဲ့မှုမှာလည်း ရေမြက်ကျေးရွာက ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေအပါအဝင် ဒေသခံ ၁၀ ဦးလောက် သေဆုံးခဲ့ပါတယ်။
Photo ဒေသခံတစ်ဦး