close

ရေယာဉ်လိုင်း

close

July 12, 2021

ချင်းတွင်းမြစ်အတွင်း ရေယာဉ်များကို စစ်တပ်က ဖမ်းဆီးပြီး ငွေကြေးနှင့်ပစ္စည်းများ အဓမ္မယူနေ

မင်းကင်းမြို့နယ် ပန်းဆက်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူးစောထီး အဖွဲ့ဝင်တွေဟာ ချင်းတွင်းမြစ်သွားလားနေတဲ့ ရေယာဉ်တွေကို ဖမ်းဆီးပြီး ငွေကြေးနဲ့ပစ္စည်းတွေ  အတင်းအဓမ္မယူဆောင်နေတယ်လို့ မော်တော်ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။

လုံခြုံရေးအရအမည်မဖော်လိုသူ မော်တော်ပိုင်ရှင်တစ်ဦးက “ကျနော်တို့ မော်တော်က ချင်းတွင်းမြစ်အထက်ပိုင်းကို ကုန်ပစ္စည်းအပို့သွားတဲ့ ကုန်တင်မော်တော်ပါဗျ။ ကျနော်တို့ကို ဇူလိုင်လ ၁၀ ရက်နေ့က မင်းကင်းမြို့ရဲ့ အောက်ဘက်မှာရှိတဲ့ ပန်းဆက်‌ကျေးရွာအုပ်စု၊ တောင်ဖြူရွာအနီးမှာ  စစ်ကောင်စီတပ်နဲ့ အရပ်ဝတ်လူတွေက ကျနော်တို့မော်တော်ကို သေနတ်ဖောက်ပြီး ကမ်းကပ်ခိုင်းတယ်။ ပြီးတော့ ကျနော်တို့ မော်တော်ပေါ်မှာပါတဲ့ ပစ္စည်းမှန်သမျှကို သူတို့ကြိုက်ရင် အကုန်ယူတယ်။ ကျနော်တို့ မော်တော်တစီးတင် ဒါမျိုး လုပ်ခံရတာမဟုတ်ဘူးဗျ၊ အတော်များတယ်။ အသိမိတ်ဆွေ မော်တော်တွေလည်း ကျနော်လိုမျိုး အယူခံခဲ့ရတယ်ဗျ” လို့ ပြောပါတယ်။

ပန်းဆက်ကျေးရွာဟာ မင်းကင်းမြို့နယ်အတွင်းပါတဲ့ ကျေးရွာတခုဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ ပျူစောထီးတပ်တွေ အခိုင်အမာတပ်စွဲထားတဲ့ ကျေးရွာတခုလည်း ဖြစ်ပါတယ်။ 

မင်းကင်းပြည်သူကာကွယ်ရေးတပ်မတော် (PDF) ကလည်း ခရီးသွားပြည်သူတွေနဲ့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေ ထိခိုက်နစ်နာမှုမရှိကြစေရေး၊ အန္တရာယ်ကင်းရှင်းရေးအတွက် မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတွင်း ဖြတ်သန်းသွားလာခြင်းမပြုကြဖို့၊ မော်တော်ရေယာဉ်ပိုင်ရှင်တွေအနေနဲ့ မိမိတို့ရောက်ရှိရာ ဆိပ်ကမ်းတခုမှာ အန္တရာယ်ကင်းရှင်းရေးအတွက် ဆိုက်ကပ်စောင့်ဆိုင်းဖို့ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

5 mins Ago

April 20, 2020

ဧရာဝတီတိုင်းက ရေယာဉ်လိုင်းများ နေ့ခင်းပိုင်းသာ ပြေးဆွဲခွင့်ပြုတော့မည်

ဧရာဝတီတိုင်းအတွင်းက ရေယာဉ်လိုင်းတွေကို နေ့ခင်းပိုင်းသာ ပြေးဆွဲခွင့်ပြုတော့မယ်လို့ တိုင်းအစိုးရက တိုင်းအစိုးရက ပြောပါတယ်။ ဧရာဝတီတိုင်းအတွင်း မြို့နယ် ၂၆ မြို့နယ်မှာ ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ပြီးနောက် တိုင်းအတွင်းပြေးဆွဲနေတဲ့ ရေယာဉ်လိုင်းတွေကို အချိန်ပြောင်းလဲပြေးဆွဲဖို့ တိုင်းအစိုးရအဖွဲ့က ညွှန်ကြားခဲ့တာပါ။ လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက "သင်္ဘောလိုင်းတွေတော့ မပါဘူး၊ မော်တော်ယာဉ်လိုင်းတွေကို ပိတ်တဲ့ရက်တိုးဖို့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာ" လို့ DVB ကို ပြောပါတယ်။ ဧရာဝတီတိုင်းအစိုးရက COVID – 19 ထိန်းချုပ်ရေးအတွက် အဝေးပြေး ကားလိုင်းပိတ်သိမ်းမှုကာလ သက်တမ်း တိုးမြှင့်ခဲ့သလို တိုင်းအတွင်းပြေးဆွဲနေတဲ့ ရေယာဉ်တွေနဲ့ ပုဂ္ဂလိက သင်္ဘောလိုင်းတွေအားလုံးကိုလည်း ညပိုင်းပြေးဆွဲခွင့်မပြုတော့ဘဲ မနက် ၅ နာရီကနေ ည ၈ နာရီအတွင်း အချိန်ပြောင်းလဲပြေးဆွဲဖို့ ညွှန်ကြားခဲ့တာလို့ တိုင်းဒေသကြီး ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီက တာဝန်ရှိသူကပြောပါတယ်။ ဧရာဝတီတိုင်း၊ ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးတိုင်းအောင်က “ကျန်းမာရေးဝန်ထမ်းတွေက သင်္ဘောတွေ စက်လှေတွေနဲ့ ပါလာသူတွေကို ကျန်းမာရေး စစ်ဆေးမှုတွေ တညလုံးလုပ်ဖို့က အဆင်မပြေဘူး။ ဒါကြောင့် မနက်ပိုင်းကို အချိန်ပြောင်းလဲခဲ့တာပါ။ သင်္ဘောလိုင်းတွေ မပိတ်ပေမယ့် ခရီးသည်လည်း အခုကာလမှာ အရမ်းနည်းပါတယ်။ အဓိကက ကျေးလက် တောရွာတွေမှာ စားသောက်ကုန်တွေ မပြတ်လပ်ဖို့ စက်လှေတွေက ကုန်တွေတင်ပြီး သွားလာနေကြတာ"လို့ ပြောပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်မှာ ရေယာဉ်ကြီးတွေ မြင်းကောင်ရေ ၂၀ အထက် သင်္ဘောနဲ့ စက်လှေတွေ မြင်းကောင်ရေ ၂၀ အောက် စက်လှေလိုင်းတွေအပါအဝင် သင်္ဘောနဲ့ စက်လှေစုစုပေါင်း ၁ သောင်းခန့် ယခင်က ပြေးဆွဲခဲ့ပြီး လက်ရှိကာလမှာ စီးပွားရေးအရ အရှုံးပေါ်ကြတာကြောင့် သင်္ဘောနဲ့ စက်လှေလိုင်းအားလုံးရဲ့ ၁၀ ရာခိုင်နှုန်းခန့်သာ ပြေးဆွဲနေတယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်းအတွင်း မြို့နယ် ၂၆ မြို့နယ်မှာ ည ၁၀ နာရီနောက်ပိုင်းကနေ မနက် ၄ နာရီ အချိန်ထိ အပြင်မထွက်ဖို့ ဧပြီလ ၁၈ ရက်နေ့‌က အမိန့်ထုတ်ခဲ့သလို ကုန်လမ်းက ခရီးသွားလာတဲ့ ခရီးသည်တင် မော်တော်ယာဉ် လိုင်းတွေကိုလည်း ဧပြီ ၃၀ ရက်နေ့အထိ သွားလာခွင့်ကို တိုးမြှင့်ပိတ်ထားခဲ့ပါတယ်။ ဧရာဝတီတိုင်းအတွင်း ခရီးသွားရေယာဉ်တွေနဲ့ သင်္ဘောလိုင်းတွေအားလုံး ဧပြီလကုန်အထိ ပိတ်ရမယ်လို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လူမှုကွန်ရက် Facebook စာမျက်နှာမှာ မှားယွင်းဖော်ပြခဲ့မှုအပေါ်လည်း တိုင်းအစိုးရက ပြန်လည်တောင်းပန်ခဲ့ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြေးဆွဲနေတဲ့ သင်္ဘောလိုင်းနဲ့ စက်လှေလိုင်းတွေအားလုံးကို တိုင်းဒေသကြီးအစိုးရက ညဘက် ပြေးဆွဲမှုအစား မနက် ၅ နာရီမှ ည ၈ နာရီအချိန်ထိ ပြောင်းလဲပြေးဆွဲဖို့ ညွှန်ကြားခဲ့တာကို ဧပြီလကုန်ပိုင်းအထိ ပိတ်ရမယ်ဆိုပြီး ဧပြီလ ၁၉ ရက်နေ့ ညပိုင်းက သတင်းထုတ်ပြန်ခဲ့တဲ့အပေါ် ပြန်လည်တောင်းပန်ခဲ့တာပါ။ မင်းထက်မုန်း (ပုသိမ်)
1 year Ago
Up