close

ရေရှားပါးမှု

close

April 27, 2023

ရသေ့တောင်မြို့တွင် ရေရှားပါးမှုပြဿနာ အဆိုးဝါးဆုံးကြုံတွေ့နေ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့မှာ သောက်သုံးရေကန်တွေ အချိန်စော ခန်းခြောက်လာတာကြောင့် ရေရှားပါးမှုပြဿနာ အဆိုးဝါးဆုံး ကြုံတွေ့နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရသေ့တောင်မြို့ခံတဦးက “ရာသီဥတုပူပြင်းတာကြောင့် ဒီနှစ်မှာ ရသေ့တောင်မြို့ပေါ်က ရေကန်တွေ ရေခန်းခြောက်တာ မြန်တယ်ဗျ။ အဲ့ဒါကြောင့် ရေမခန်းတဲ့ ရေကန်တွေကို မနက်တချိန်နဲ့ ညတချိန် ရေခပ်ခွင့်ပေးထားတယ်။ လက်နဲ့ခပ်ခွင့်ပဲပေးတာ။ တွန်းလှည်းတွေနဲ့ လာခပ်ခွင့် မပေးထားဘူး။ တော်တော်လေး ဒုက္ခရောက်ကြရတယ်” လို့ ပြောပါတယ်။

ရေရှားပါးမှုကြောင့် ရေခပ်ချိန်ကို အကန့်သတ်တွေနဲ့ သုံးစွဲနေကြရတာကြောင့် ဒေသခံတွေဟာ ရေတအိုးတခွက်ရဖို့အတွက် အလုအယက် တိုးဝှေ့ခပ်ယူနေကြရတယ် လို့လည်း ဆိုပါတယ်။

“ရသေ့တောင်မြို့မှာ အဝီစိရေတွင်းတွေ တူးမရဘူး။ ရေကန်ကြီး ၃ ကန်ကို တမြို့လုံး အားကိုးနေရတာ။ ၃ ကန်မှာ ၂ ကန်က ရေခန်းသွားပြီး ကျန်တဲ့ရေကန်က ရေခပ်ချိန်ကို တရက်မှာ မနက်နဲ့ ည ၂ ချိန်သာ ခွင့်ပြုတာ ဘယ်လိုလုပ်ရေချိုးနိုင်မလဲ” လို့ ရသေ့တောင်မြို့ခံက ပြောပါတယ်။

ရေရှာပါးမှုပြဿနာကို အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဖြေရှင်းပေးတာလည်း မရှိကြဘူးလို့ ဒေသခံတွေက ဝေဖန်ပြောဆိုနေကြပါတယ်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုမှာ ရေရှားပါးမှုပြဿနာ အဆိုးဝါးဆုံး ကြုံတွေ့နေကြရပြီး ရေပြဿနာဖြေရှင်းနိုင်ဖို့ ရေရှည်စီမံကိန်းတွေ ချမှတ်အကောင်အထည်ဖော်ပေးဖို့ လိုအပ်နေတယ်လို့လည်း ရခိုင်ပြည်သူတွေက တောင်းဆိုနေကြပါတယ်။

9 mins Ago

May 23, 2020

ရေရှားပါးမှုကူညီရာတွင် မွန်စည်ပင် မပါဝင်ခဲ့ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးကော်မတီဥက္ကဋ္ဌ ဝေဖန်

အခုနှစ် ရေရှားပါးမှု ပြဿနာကို ကူညီရာမှာ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့အနေနဲ့ ၁ ရာခိုင်နှုန်းတောင် မပါဝင်ခဲ့ဘူးလို့ မွန်ပြည်နယ်လွှတ်တော် စီမံကိန်းနဲ့ ဘဏ္ဍာရေးကော်မတီ ဥက္ကဋ္ဌက ဝေဖန်ပြောဆိုလိုက်ပါတယ်။  မွန်ပြည်နယ်ဟာ အခုနှစ်မှာ ရေရှားပါးမှုပြဿနာကို မြို့နယ် ၁၀ မြို့နယ်စလုံးမှာ အလူးအလဲ ခံစားခဲ့ရပါတယ်။ အဲလို မြို့နယ်တွေရဲ့ ရေရှားပါးမှု ပြဿနာကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေကသာ သွားရောက် ကူညီတာတွေ လုပ်ဆောင်ခဲ့တာပါ။ ဒါကြောင့် အခုနှစ် ရေရှားပါးမှု ပြဿနာကို ကူညီရာမှာ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့အနေနဲ့ ၁ ရာခိုင်နှုန်းတောင် မပါဝင်ခဲ့ဘူးလို့ မွန်ပြည်နယ်လွှတ်တော် စီမံကိန်းနဲ့ ဘဏ္ဍာရေးကော်မတီ ဥက္ကဋ္ဌက မေ ၂၂ ရက်က ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးမှာ လာမယ့်ဘဏ္ဍာရေးနှစ်မှာ သုံးမယ့် ရသုံးမှန်းခြေငွေစာရင်းအကြောင်း ဆွေးနွေးစဉ် အခုလို ဝေဖန်ပြောဆိုသွားတာပါ။ မွန်ပြည်နယ်လွှတ်တော် စီမံကိန်းနှင့်ဘဏ္ဍာရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူက “မြို့တွေမှာ သွားလိုက်ရင် အားလုံး သိပါတယ်။ မြို့တိုင်းမှာ ပရဟိတအဖွဲ့တွေရဲ့ ရေလှူကားတွေပဲ ခြေချင်းရှုပ်နေပြီး သက်ဆိုင်ရာဝန်ကြီးဌာနက ရေအလှူ၊ ရေလိုက်ဝေတယ် ဆိုတာမျိုး တော်တော်ရှားရှားပါးပါး တွေ့ရမှာပါ။ ရေရှားပါးမှုကို ကာဗာလုပ်နိုင်တာ ရာခိုင်နှုန်းအားဖြင့် ၁ ရာခိုင်နှုန်းတောင် မရှိပါဘူး” လို့ ပြောပါတယ်။ အဲလို ဝေဖန်ပြောဆိုပြီးနောက် မွန်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးကို ပြန်လည် ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အခုကိစ္စရပ်အပေါ် ဝန်ကြီးကတော့ တစုံတရာ မှတ်ချက်မပြုခဲ့ပေမယ့် စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးကတော့ ရေရှားပါးမှု ပြဿနာအတွက် အစိုးရအနေနဲ့ သန်း ၄၀၀ ကျော် လျာထားကြောင်း လွှတ်တော်ကို ပြန်လည်တင်ပြခဲ့ပါတယ်။ မွန်ပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော်က “ကိုယ်စားလှယ်အနေနဲ့ ဆယ်စုနှစ်အတွင်း မွန်ပြည်နယ်ရဲ့ ရေရှားပါးမှုပြဿနာကို တင်ပြသွားတာ တွေ့ရပါတယ်။ ရေရှားပါးမှုနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဒေသဖွံ့ဖြိုးရေး သန်း ၄၀၀ လျာထားတာ ရှိတယ်ဆိုတာ တင်ပြပါတယ်” လို့ ပြောပါတယ်။ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ကတော့ ရေရှားပါးတဲ့ ရပ်ကွက်ကျေးရွာတွေကို ရေသည်ကားတွေနဲ့ ရေဖြည့်ပေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ တွဲဖက်ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက “တွင်းရေတွေ ခန်းတဲ့ ရပ်ကွက်လေးတွေကို ဒီလိုအချိန်ဆိုရင် ပုံမှန် ရေကားနဲ့ ရေဖြန့်ဝေပေးရတာတွေ၊ အများသုံး ရေကန်တွေ ဖြည့်ပေးတာမျိုးက ပုံမှန်လုပ်နေကျဆိုတော့ အဲဒီအတိုင်းပဲ ဒီနှစ်မှာလည်း လုပ်နေပါတယ်” လို့ ပြောပါတယ်။ မွန်ပြည်နယ်ဟာ အခုနှစ်မှာ ရေရှားပါးမှုပြဿနာကို အဆိုးဝါးဆုံးခံစားခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် နောက်နှစ်တွေမှာ အခုလို ရေရှားပါးမှုပြဿနာ မဖြစ်အောင် အစိုးရအနေနဲ့ ကြိုတင်စီမံချက် ဆောင်ရွက်ပေးဖို့ ဒေသခံတွေက လိုလားနေကြတာပါ။ ဇော်လွင်ထွဋ်
3 years Ago
Up