မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းကျေးရွာတွေမှာ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီး၊ ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်ပြီး နေရင်းကျေးရွာ နေအိမ်ထဲက ပစ္စည်းတွေကို ဆာလာအိတ်နဲ့ မွှေနှောက်ခိုးယူသွားတယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။
ပစ္စည်းတွေကို ခိုးယူထုတ်ပိုးပြီး ဆိုင်ကယ်တွေ၊ သုံးဘီးတွေနဲ့ နေရင်းရွာမဘက်ကို သယ်ဆောင်သွားတယ်လို့ ကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။
ခိုးယူသွားတဲ့စစ်ကောင်စီတပ်ဟာ နေရင်းကျေးရွာနဲ့ မင်းရွာကျေးရွာကြားမှာရှိတဲ့ မဏိရတနာ ဘုန်းကြီး ကျောင်းတိုက်အတွင်း တပ်စွဲနေထိုင်နေကြတယ်လို့ သိရပါတယ်။
ကျေးရွာတွေအတွင်းမှာ ပစ်ခတ်ခြိမ်းခြောက်ပြီး နေအိမ်အတွင်းက ပစ္စည်းတွေကို ခိုးယူခဲ့တာ ကြောင့် ဒေသခံ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ကျေးရွာအတွင်းမှာမွေးမြူထားတဲ့ တိရစ္ဆာန်တွေကိုလည်း သတ်ဖြတ် ချက်ပြုတ် စားသောက်ကြတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
“မင်းရွာထဲက အိမ်မွေးထားတဲ့ ကြက်တွေ၊ နွားတွေ၊ ဝက်တွေကို သတ်စားကြတယ်၊ ရွာထဲက လူတွေကတော့ ထွက်ပြေးနေကြတာလေ။ အသက်ကြီးတဲ့သူတွေနဲ့ ကလေးငယ်တွေ ပြေးကြရတာ အလွန်ဒုက္ခရောက်ရတယ်။ လူတွေလည်း ပစ်သတ်၊ နွားတွေလည်း သတ်စားနဲ့ အိမ်ထဲက ပစ္စည်းတွေလည်း အလကားယူနေတာ” လို့ ရေလယ်ကျွန်းကျေးရွာက ဒေသခံတစ်ဦးက ပြောပါတယ်။
ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ လက်နက်ခဲယမ်းတွေတင်လာတဲ့ ထောက်ပို့ ရေယာဉ်ဟာလည်း ဇန်နဝါရီ ၂၂ ရက် မနက်ပိုင်းက ရေစကြိုမြို့နယ်အတွင်း လမ်းဘေးဝဲယာက ကျေးရွာတွေကို ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ရေလယ်ကျွန်းကျေးရွာထဲကို လွန်ခဲ့တဲ့ ၂ ရက်လောက်ကတည်းက ဝင်ရောက်မွှေနှောက်နေတာဖြစ်ပြီး ဇန်နဝါရီ ၂၃ ရက်အထိ ကျေးရွာတွေထဲမှာ သွားလာ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ နေအိမ် မပြန်ရဲသေးဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ နှစ်ရက် မနက် ၃ နာရီလောက်က စစ်ကောင်စီတပ်ဟာ စစ်ဘေးရှောင်ပြည်သူတွေကို ပစ်ခတ်ခဲ့တာကြောင့် ၃ ဦး သေနတ်ကျည်ထိမှန်ခဲ့ပြီး နေရင်းကျေးရွာက အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပါသေးတယ်။
ရေလယ်ကျွန်းကျေးရွာတွေကို စစ်ကောင်စီက မကြာခဏ ဝင်ရောက်ပစ်ခတ်လေ့ရှိပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့လည်း တိုက်ပွဲတွေဖြစ်ပွားလေ့ရှိပါတယ်။
ဇန်နဝါရီ ၁၃ ရက်ကလည်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ရေလယ်ကျွန်းကျေးရွာက ဆိုင်ကယ်တွေနဲ့ ထော်လာဂျီတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
photo-ဇန်နဝါရီ ၁၃ ရက်က ရေလယ်ကျွန်းရွာက အိမ်အချို့ကို ဝင်ရောက် မွှေနှောက်ခဲ့ပုံ
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းကျေးရွာတွေကို စစ်ကောင်စီတပ်က ပတ်လည်ဝိုင်းပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ကျေးရွာဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ရေလယ်ကျွန်းကျေးရွာတွေဘက်ကို ဇန်နဝါရီ ၁၀ ရက် မနက်ပိုင်းက စတင်ပြီး ညနေပိုင်းအထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
“မနက်ပိုင်း အစောကြီးပဲ ညောင်ပင်ရွာကို ပတ်ပတ်လည်ဝိုင်းပြီးတော့ လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်သောင်းကျန်းကြတယ်၊ ရွာကလူတွေ အကုန်ထွက်ပြေးကြရတာပေါ့။ မနက်ပိုင်း ၆ နာရီလောက်ကစပြီးတော့ ရေလယ်ကျွန်းဘက်ကို ပခန်းငယ် ချစ်သူရွာက စစ်တပ်ကြီး ဒီဘက်ကို ကူးလာပြီး ပစ်ကြတယ်။ ဘာလို့ပစ်တယ်တော့ မသိဘူး အဲ့လို ပစ်လို့ ငါတို့ထွက်ပြေးကြရတာ ပဲသိတယ်။ နယ်မြေရှင်းလင်းရေးလုပ်တာလို့လည်း ပြောကြတယ်။ ညောင်ပင်ကနေ မိုးဖြူမိုးကွဲဘက်ကို သွားတယ်။ အခု တောထဲမှာ ညဘက်အထိဆိုရင် အေးလာတော့မှာ၊ ကလေးတွေနဲ့ လူကြီးပိုင်းတွေလည်းပါသေးတယ် “လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မနက် ၇ နာရီကျော်လောက်မှာတော့ ညောင်ပင်ရွာကနေ မိုးဖြူမိုးကွဲကျေးရွာဘက်ကို ထွက်ခွာပြီး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
မိုးဖြူမိုးကွဲကနေဆင့် မြေတော်ကျေးရွာ ရဲစခန်းအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး အင်အား ၅၀ ကျော်လောက် တပ်စွဲနေထိုင်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“စခတွေ ဘယ်မှမဝင်ပဲ တောလမ်းကနေ မြေတော်ကို ဖြတ်တက်ရာက မြေတော်ရွာအနောက်ကနေ ထွက်စောင့်နေတဲ့ အဖွဲ့နဲ့ပေါင်းပြီး စုစုပေါင်း အင်အား ၅၀ ကျော်လောက် မြေတော်စခန်းထဲ ဝင်သွားကြတယ်။ အခုညနေပိုင်းအထိ မပြန်သေးဘူး ရှိနေဆဲပါပဲ။”
ညောင်ပင်ရွာ၊ မိုးဖြူ၊ မိုးကွဲ၊ မြေတော် ကျေးရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး ကူညီလှူဒါန်းလိုသူတွေအနေနဲ့ စစ်ဘေးသင့် ကူညီရေး ကွန်ရက်မှာ ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။