ပုစွန်ခြောက်တွေ ဈေးကောင်းရလာပေမဲ့ ဒီဇယ်ဆီဈေးနှုန်း အဆမတန် မြင့်တက်လာတဲ့အတွက် တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်ရှိ ပင်လယ်ဒေသတွေက ရေလုပ်ငန်းရှင်တချို့မှာ အမြတ်ငွေ သိပ်မကျန်ဘဲ လုပ်ငန်းအခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပုစွန်ခြောက်ဈေးနှုန်းတွေ ပြီးခဲ့တဲ့နှစ်ကစပြီး ဈေးကောင်းရရှိခဲ့ပေမဲ့ အလုပ်သမားငှားရမ်းခတွေ ပေးဆောင်ရတဲ့အပြင် လုပ်ငန်းမှာ အသုံးပြုတဲ့ ဒီဇယ်ဆီဈေးနှုန်းတွေ အဆမတန် မြင့်မားလာတာကြောင့် လုပ်ငန်းလုပ်ကိုင်သူတချို့ အခက်အခဲရှိနေတယ်လို့ ပုစွန်ခြောက်လုပ်ငန်း လုပ်ကိုင်သူတဦးက ပြောပါတယ်။
“ဈေးက တက်လာတယ်ဆိုပေမဲ့ ဒီဇယ်ဆီဈေးက အဆမတန် တက်နေပြီးတော့ အလုပ်သမားခတွေကလည်း ရှိသေးတယ်လေ။ အဓိကတော့ ဒီဇယ်ဈေးတွေ အဆမတန် တက်နေလို့ပါ။ ရွာမှာက အားလုံးက ရေလုပ်ငန်းပဲ လုပ်ကိုင်နေကြတော့ စက်လှေတွေ အဓိကအသုံးပြုနေရတာပေါ့လေ။ ပုစွန်ပိုက်ဆွဲဖို့ ပင်လယ်ထွက်ရင် စက်လှေတွေနဲ့ ထွက်ရတော့ ရလာတဲ့ ပုစွန်တွေနဲ့ သွားရတဲ့ခရီးစရိတ်က မကိုက်ဘူးဖြစ်နေတယ်” လို့ ရေလုပ်ငန်းရှင်တဦးက ပြောပါတယ်။
ပုစွန်ခြောက်ဈေးနှုန်းဟာ အရင်က တပိသာ ကျပ် ၃၀,၀၀၀ ကျော်သာ ရရှိပေမဲ့ ပြီးခဲ့တဲ့နှစ်ကစပြီး တပိသာကို ကျပ် ၆၀,၀၀၀ ကျော်အထိ ဈေးကောင်းရရှိလာတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီဇယ်ဆီဈေးနှုန်းမှာ စစ်အာဏာမသိမ်းခင်က ၅၅ ဂါလံပါတဲ့ ဒီဇယ်ဆီ တပီပါကို ကျပ် ၂ သိန်းခန့်သာ ရှိခဲ့ပေမဲ့ စစ်အာဏာသိမ်းပြီးနောက် ဒီဇယ်ဆီတပီပါကို ကျပ် ၇ သိန်းကျော်အထိ ဈေးနှုန်းထိုးတက်လာတယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်း၊ ကော့သောင်းမြိုနယ်ထဲမှာရှိတဲ့ လုပ်ငန်းရှင်တချို့ရဲ့ ကုန်လှောင်ရုံ ဂိုဒေါင်တွေကို စစ်ကောင်စီက ဝင်ရောက်ရှာဖွေကာ စားသောက်ကုန်ပစ္စည်းတွေကို ပစ္စည်းတွေသိမ်းယူနေတယ်လို့ ဒေသခံရေလုပ်ငန်းရှင်အသိုက်အဝန်းကနေ သိရပါတယ်။
ဇန်နဝါရီ ၂၅ ရက် မနက်ပိုင်းကစတင်ပြီး အဏ္ဏဝါရပ်ကွက် ရှင်ကြီးမော်ထိတ်လမ်းဆုံကနေ ရွှေဇင်ယော်ရပ်ကွက် ကျားပါးစပ်တန်းလမ်းဆုံထိ စစ်တပ် ၊ ရဲနဲ့ စည်ပင်တွေက အဆိုပါလမ်းထဲမှာရှိတဲ့ လုပ်ငန်းရှင်တွေရဲ့ ဂိုဒေါင်တစ်ခုချင်းစီကို ဝင်ရောက်ရှာဖွေနေကြတာပါ။
အဆိုပါလမ်းထဲမှာ ဂိုဒေါင်အလုံးပေါင်း ၆၀ ဝန်းကျင်ရှိပြီး ဖောက်ခွဲရေးပစ္စည်းတွေကို တစ်ဖက်နိုင်ငံကနေတစ်ဆင့် တင်သွင်းနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်က ဝင်ရောက်စစ်ဆေးနေတာဖြစ်ပြီး လူကိုမဖမ်းဆီးဘဲ ထိုင်းကတင်သွင်းလာတဲ့ စားသောက်ကုန်ပစ္စည်းတွေကိုသာ အဓိက သိမ်းယူနေတာလို့ သိမ်းဆည်းခံရတဲ့ ရေလုပ်ငန်းရှင်နဲ့ နီးစပ်သူ တစ်ယောက်က ပြောပါတယ်။
အဲဒီလိုဝင်ရောက် ရှာဖွေသိမ်းဆည်းတဲ့နေရာမှာ စစ်ကောင်စီနဲ့အဆင်ပြေတဲ့ လုပ်ငန်းရှင်တွေရဲ့ ဂိုဒေါင်တွေကိုတော့ ရှာဖွေသိမ်းဆည်းတာမလုပ်ဘဲ တခြားဂိုဒေါင်တွေကိုသာ အခုလို သိမ်းဆည်းခဲ့ တာဖြစ်ပြီး လုပ်ငန်းရှင် ၆ ယောက် ပိုင်ဆိုင်တဲ့ဂိုဒေါင်တွေထဲက စားသောက်ကုန်တွေ သိမ်းဆည်းခံခဲ့ရတာဖြစ်ပါတယ်။
အခုလို သိမ်းဆည်းခံရတဲ့အတွက် လုပ်ငန်းရှင်တယောက်ကို အနည်းဆုံး ကျပ်သိန်း ၂၀၀၀ လောက် ဆုံးရှုံးသွားခဲ့တယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် ရွှေဟင်္သာ ၁၉ တံတားမှာလည်း တစ်ဖက်နိုင်ငံက ကုန်ပစ္စည်းသယ်ဆောင်လာတဲ့ စက်လှေ ၂ စီးကို ဖမ်းထားပါတယ်။
အခုလို အကြောင်းမဲ့သိမ်းဆည်းနေတာဟာ စစ်ကောင်စီဘက်က စားနပ်ရိက္ခာပြတ်တောက်နေလို့ သိမ်းဆည်းတာဖြစ်နိုင်သလို PDF တွေကိုထောက်ပံ့မှာစိုးလို့ သိမ်းဆည်းတာလည်း ဖြစ်နိုင်တယ်လို့ မြိုခံတွေက ပြောပါတယ်။