close

ရေလွှမ်းမိုးမှု

close

October 13, 2022

ထိုင်းနိုင်ငံ အယုဒ္ဓယရှေးဟောင်းယဉ်ကျေးမှုနယ်မြေ နေရာပေါင်း ၇၀ ခန့် ရေလွှမ်းနေ

ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယခရိုင်မှာ ကျောက်ဖရားမြစ် နဲ့  မြစ်လက်တက်တွေဖြစ်တဲ့ ပါဆဒ်မြစ်၊ လုပ်ပူရီမြစ်ရေတွေ မြင့်တက်လျှံကျလာတာကြောင့် မြစ်ကမ်းနံဘေးနဲ့ အနိမ့်ပိုင်းနေရာတွေမှာ ရေကြီးနေပါတယ်။ 

အထူးသဖြင့် ရှေးဟောင်းသမိုင်းယဉ်ကျေးမှု ဘုရားစေတီပုထိုးနဲ့ အဆောက်အဦတွေတည်ရှိရာ နေရာပေါင်း ၇၀ မှာ ရေလွှမ်းနေတယ်လို့ ထိုင်းပီဘီအက်စ်သတင်းမှာ ဖော်ပြပါတယ်။

ရေကြီးမှုကြောင့် ခရီးသွားဧည့်သည်တွေ ရှေးဟောင်းနယ်မြေထဲ ဝင်ရောက်လေ့လာခွင့် ယာယီပိတ်ပင်ထားပြီး  အပျက်အစီးတွေကိုတော့ မျက်ဝါးထင်ထင် မမြင်ရသေးကြောင်း၊ ရေပြန်ကျသွားမှ ပျက်စီးမှုအခြေအနေ သိနိုင်မယ်လို့ အယုဒ္ဓယရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှုပြတိုက်ဌာန ညွှန်ကြားရေးမှူး နိုင်းဖတ်စဖုန်း ကောင်ငင်းက သတင်းထောက်တွေကို ပြောပါတယ်။ 

ဝပ်ပွမ့်ဖစ်၊ ဝပ်ချိုင်းဝပ်ထနားရမ်း စတဲ့ကျောင်းတိုက်တွေဟာ ကျောက်ဖယားမြစ်ကမ်းဘေးမှာ ရှိတာကြောင့် ရေကြီးမှုအန္တရာယ်ကို မကာကွယ်နိုင်ကြောင်း၊ သဲအိတ်တွေ ဖို့ထားပြန်ရင်လည်း မြေတွေရွေ့ပြီး ကမ်းပါးကို ထိခိုက်ပြန်တယ်လို့ နိုင်းဖတ်စဖုန်းက ဆိုပါတယ်။ 

ဒါ့အပြင် PPTV HD သတင်းမှာလည်း ဝပ်ဆီဖိုး၊ ဝပ်ကျောက်ယ၊ ခေါင်းဆဒ်ဖိုး စတဲ့ ရှေးဟောင်းဘုန်းကြီးကျောင်းမှာ ရေဝင်နေပြီး အချို့ဇရပ်ငယ်တွေမှာ တံစက်မြိတ်ထိ ရေမြင့်တက်နေကြောင်း၊ သံဃာတော်တွေဟာ အမြင့်ပိုင်းကိုပြောင်းရွှေ့နေရပြီး လှေနဲ့ အသွားအလာလုပ်နေရတယ်လို့ ဖော်ပြပါတယ်။ 

ကျောင်းတိုက်က ခွေးအကောင်ရေ ၃၀ ကျော်ဟာလည်း နေစရာမရှိဖြစ်နေတယ်လို့ ဆိုပါတယ်။ 

ချနယ်လ် ၃ တီဗွီသတင်းမှာတော့ မနေ့က ကျောက်ဖရားဆည်ရေ တနာရီကို ၃၁၆၄ ကုဗမီတာနှုန်းနဲ့ ဖောက်ချလိုက်တာကြောင့် အယုဒ္ဓယခရိုင် မြို့နယ်ပေါင်း ၁၂ မြို့နယ်ရှိ ရပ်ကွက်ပေါင်း ၇၉၆ ကွက်၊ အိမ်ခြေ ၅၀၀၀၀ ကျော် လယ်မြေဧက ၅၀၀၀ ကျော် ရေကြီးမှုဒဏ်ခံနေရပါတယ်။ 

လက်ရှိအခြေအနေ မိုးမရွာပေမယ့် မြောက်ပိုင်းရေကြီးမှုက ဖြစ်လာတဲ့ရေတွေ ကျောက်ဖရားမြစ်ထဲ စီးဆင်းလာတာကြောင့် ရေပြည့်လျှံလာတာဖြစ်ပါတယ်။ 

အယုဒ္ဓယခရိုင်မှာ ရေကြီးနေတာ ၁ ပတ်လောက်ရှိပြီဖြစ်ပြီး ရှေးဟောင်းယဉ်ကျေးမှုဇုန်မှာ မ နေ့က ရေ ၁ မီတာခွဲမှ ၂ မီတာထိ မြင့်တက်လာလို့ ရှေးဟောင်းအမွေအနှစ်တွေ ပျက်စီးမှာကို စိုးရိမ်နေကြတာပါ။

ဒီကနေ့ အောက်တိုဘာ ၁၃ မှ ၁၆ ရက်နေ့အထိ ထိုင်းတောင်ပိုင်းမှာ ဒေသရဲ့ ၈၀ ရာခိုင်နှုန်းမိုးရွာပြီး အချို့နေရာမှာ ရုတ်တရက် ရေကြီးနိုင်ကြောင်း၊ အထူးသဖြင့် စူရတ်ဌာနီ၊ ဖန်င၊ ကရပီ၊ ချွန်းဖွန်း၊ ဆုန်ခလာ စတဲ့ ဒေသအချို့မှာ ရေကြီးနိုင်မယ်လို့ ထိုင်းမိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။

ထိုင်းမြောက်ပိုင်းမှာ ဒေသရဲ့ ၂၀ ရာနှုန်း၊ အရှေ့မြောက်ပိုင်း အီဆန်ဒေသမှာ ၄၀ ရာခိုင်နှုန်း၊ အရှေ့ပိုင်းမှာ ၂၀ မှ ၃၀ ရာနှုန်း၊ တောင်ပိုင်းမှာ ၆၀ မှ ၈၀ ရာခိုင်နှုန်း၊ အလယ်ပိုင်းဒေသမှာ ၂၀ မှ ၃၀ ရာနှုန်း မိုးရွာနိုင်ခြေရှိပါတယ်။ 

ဘန်ကောက်အနီးတဝိုက်နဲ့ စမွတ်စခွန်း၊ ရာ့ချ်ပူရီ စတဲ့ဒေသတွေမှာ ဒေသရဲ့  ၂၀ မှ ၃၀ ရာနှုန်း မိုးရွာနိုင်ပြီး ညအပူချိန်တွေ လျော့ပါးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

2 hours Ago

September 22, 2022

ရေဘေးသင့် ပါကစ္စတန်တွင် ငှက်ဖျားနှင့် အခြားရောဂါများကြောင့် သေဆုံးသူ ၃၀၀ ကျော်လာ

ပါကစ္စတန်မှာ ရေလွှမ်းမိုးမှုဒဏ်ခံခဲ့ရတဲ့ ဒေသတွေတလျှောက် ငှက်ဖျားရောဂါနဲ့ တခြားရောဂါတွေကြောင့် သေဆုံးသူ ၃၂၄ ယောက် ရှိသွားပြီလို့ အာဏာပိုင်တွေက စက်တင်ဘာ ၂၁ ရက်မှာ ပြောလိုက်ပါတယ်။

ပါကစ္စတန်တောင်ပိုင်းက အဆိုးရွားဆုံး ဒေသတွေထဲက တခုဖြစ်တဲ့ ဆင်းဒ်ပြည်နယ်ရဲ့ ဒေသတချို့က ရေဘေးဒုက္ခသည်တွေကြားမှာ ငှက်ဖျားရောဂါ အမြန်ကူးစက်နေပါတယ်။

ဆင်းဒ်ပြည်နယ် ဆေဝှမ်မြို့က ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေမှာ ငှက်ဖျားနဲ့ အစာအိမ်ရောဂါ ခံစားနေရတဲ့ ရေဘေးဒုက္ခသည် အများအပြားကို မြင်ခဲ့တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

ဒေါက်တာ အဗ်ဒူ ရာအူးလ်က “ရေကြီးလို့ ကျနော်တို့ရဲ့ လူနာဦးရေဟာ ၂၀ ကနေ ၃၀ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။ ကျနော်တို့မှာ ငှက်ဖျားရောဂါ ဝေဒနာရှင် များသောအားဖြင့် မရှိပါဘူး။ ဒါပေမဲ့ အခု ကျနော်တို့ဆီရောက်လာတဲ့ ဖျားနာတဲ့ ကလေး ၁၀ ယောက်မှာ ၈ ယောက် ၉ ယောက်လောက်က ငှက်ဖျားရောဂါ ခံစားနေရတယ်” လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ရေလွှမ်းတဲ့ဒေသတွေက ယာယီကျန်းမာရေးဌာနတွေနဲ့ ရွေ့လျားဆေးကုစခန်းတွေမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လူနာပေါင်း ၇၈,၀၀၀ ကျော်ကို ကုသပေးခဲ့ပြီး ဇူလိုင် ၁ ရက်ကစပြီး ၂ သန်းကျော်ရှိကာ သူတို့ထဲက ခြောက်ယောက် သေဆုံးခဲ့တယ်လို့ ဆင်းဒ်ပြည်နယ်အစိုးရက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

3 weeks Ago
Up