ဩစတြေးလျ၏ အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက်မှာ ဇွန် ၁၃ ရက်က လှိုင်းလုံးကြီးတွေ ရိုက်ခတ်ခဲ့အပြီး ရေလှိုင်းသတိပေးချက်တွေ ထုတ်ပြန်ခဲ့ရသလို ကမ်းခြေတွေကိုလည်း ပိတ်ထားခဲ့ရပါတယ်။
ဘွန်ဒီကမ်းခြေမှာရှိတဲ့ လမ်းလျှောက်လမ်းကို လှိုင်းလုံးကြီးတွေ ညတွင်းချင်း ဖုံးလွှမ်းခဲ့ပြီး ဆစ်ဒနီရဲ့ အထင်ကရအရှိဆုံး ကမ်းခြေတချို့မှာလည်း လှိုင်းတွေ အကြီးအကျယ် ဖုံးလွှမ်း ခဲ့ပါတယ်။
နယူးဇီလန်နိုင်ငံအနောက်ဘက်ကမ်းရိုးတန်းကနေ မြောက်ဘက်ကို တဖြည်းဖြည်း ရွေ့လျားလာတဲ့ လေဖိအားနည်း ရပ်ဝန်းတစ်ခုကြောင့် ဒီလို ရာသီဥတုဖြစ်ပေါ်လာတာလို့ မိုးလေဝသဌာနက ပြောပါတယ်။
လေဖိအားနည်း ရပ်ဝန်းစနစ်ကြောင့် သီတင်းပတ်ကုန်ပိုင်းက တက်စမေးနီးယား ကျွန်းဘက်ကို နှင်းမုန်တိုင်း တိုက်ခတ်ခဲ့တာပါ။
ဇွန် ၁၁ ရက်မှာ တောင်တက်သမား ၈ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ထောင်ချီတဲ့ အိမ်တွေ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေပါတယ်။ လာမယ့် ရက်တွေမှာ အခြေအနေ ပြေလျော့ သက်သာလာမည်လို့ မျှော်လင့် ထားကြပါတယ်။
ပစိဖိတ်သမုဒ္ဒရာထဲက တွန်ဂါကျွန်းနိုင်ငံရဲ့ ကမ်းလွန်တနေရာမှာ ရေအောက်မီးတောင် ပေါက်ကွဲခဲ့ပြီးနောက် ပီရူးနိုင်ငံမြောက်ဘက် ကမ်းခြေတနေရာမှာ ရေလှိုင်းတွေတက်ပြီး ရေလှိုင်းရိုက်ခတ်မှုကြောင့် လူ ၂ ဦး ရေနစ် သေဆုံးခဲ့တယ်လို့ ပီရူးရဲဌာနက အတည်ပြုပါတယ်။
ဆူနာမီစောင့်ကြည့်စင်တာတွေရဲ့ သတင်းပေးပို့ချက်တွေအရ မီးတောင်ပေါက်ကွဲမှု နောက်ဆက်တွဲအဖြစ် တောင်ပိစိဖိတ်နိုင်ငံတွေရဲ့ ကမ်းခြေအတော်များများကို ပုံမှန်မဟုတ်တဲ့ လှိုင်းရိုက်ခတ်မှုတွေ ရှိလာနေပါတယ်။
နယူးဇီလန်နဲ့ ဂျပန်တို့မှာ ဆူနာမီကို စိုးရိမ်နေပြီး အစိုးရတွေက ကမ်းခြေနေထိုင်သူ လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာ ယာယီရွှေ့ထားပါတယ်။