close

ရေအားလျှပ်စစ်

close

October 22, 2021

ရုရှားနိုင်ငံက မြန်မာနိုင်ငံ၌ ရေအားလျှပ်စစ်နှင့် ဓာတ်အားခွဲရုံလုပ်ငန်း ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား

ရုရှားနိုင်ငံက မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ်နဲ့ ဓာတ်အားခွဲရုံ တည်ဆောက်ရေးလုပ်ငန်းမှာ ရင်းနှီးမြုပ်နှံဖို့ စိတ်ဝင်စားနေတဲ့ အကြောင်း စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ရုရှားဖက်နိုင်ငံ မော်စကိုမြို့မှာကျင်းပတဲ့  Russian Energy Week International Forum (REW 2021) မှာ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးနဲ့အဖွဲ့က  ROSGEO (Russian State Geological Holding)ကုမ္ပဏီမှ CEO ဆာဂေးအန်ဂေါကော့ဗ် ခေါင်းဆောင်တဲ့အဖွဲ့နဲ့  ရေနံနှင့်သဘာဝဓာတ်ငွေ့ စူးစမ်းရှာဖွေရေးဆိုင်ရာ ကိစ္စရပ်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာကလည်း ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့မှာ ပြုလုပ်ခဲ့တဲ့ (၆)ကြိမ်မြောက် အရှေ့ဖျား စီးပွားရေး ဖိုရမ်မှာ ရုရှားကုမ္ပဏီတွေက မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ ရေနံတူးဖော်ရေးနှင့် ဘက်စုံသုံး ပင်လယ်ဆိပ်ကမ်းတွေ တည်ဆောက်ရေး စတဲ့ကဏ္ဍတွေမှာ ရင်းနှီးမြုပ်နှံဖို့ စိတ်ဝင်စားကြောင်း  စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့တာရှိပါတယ်။

ဒါပေမဲ့ လက်ရှိအနေအထားအရ နိုင်ငံရေးတည်ငြိမ်မှုမရှိတဲ့ မြန်မာနိုင်ငံမှာ ရုရှားက အမှန်တကယ် လာရောက်ရင်းနှီးမြုပ်နှံပါ့မလားဆိုတာက သံသယဖြစ်စရာပါ။

ဒီအခြေအနေအပေါ် စီးပွားရေးလေ့လာသုံးသပ်သူတဦးက “နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနှင့်ပတ်သက်ရင်  ရေရှည်တည်ငြိမ်မှုက အရမ်းအရေးကြီးတယ်။ ဘာလို့လဲဆို အရင်းက ချက်ချင်း ကျေတာမဟုတ်ဘူး။ ဒီစီမံကိန်းအတွက် သူတို့ ပိုက်ဆံတွေ အများကြီးထည့်ရမယ်။ စီမံကိန်းက တည်ဆောက်ပြီးလို့ စတင်လည်ပတ်ပြီဆိုရင် ထွက်လာတဲ့ အဲ့ဒီ့ဓာတ်အားတွေကို ဝယ်မယ့်သူရှိဖို့ လိုတယ်။ပြီးတော့ ဝယ်ဖို့ စာချုပ်ချုပ်တဲ့ နေရာမှာ ပေးထားတဲ့ ကတိအတိုင်းကော တည်နိုင်ပါ့မလား ပေါ့နော်။ ဘာလို့လဲဆို အခုဆိုရင် ဟောင်ကောက်အခြေစိုက် တရုတ်ကလျှပ်စစ်ဓါတ်အားထုတ်ယူတဲ့ ကုမ္ပဏီက ပရောဂျက် နှစ်ခုကို ရပ်လိုက်တယ်လို့ သိရတယ်လေ။ ဘာလို့ရပ်ရလဲဆို သူတို့ မကိုက်တော့လို့လေ။ သူတို့က ဒီပစ္စည်းတွေ သွင်းလာတာ ဒေါ်လာနဲ့ သွင်းလာရတာ။ ဒါပေမဲ့ ပေးတဲ့အခါ မြန်မာ ကျပ်ငွေနဲ့ပဲ ပေးတယ်။ ကျပ်ငွေတန်ဖိုးကလည်း ဘယ်လောက်အထိ ကျမယ်မှန်း မသိဘူး။ အဲ့တော့ စီမံကိန်းတွေအတွက် စွန့်စားရမှုတွေကတော့ များတယ်။ ဒီတော့ ရုရှားဘက်က လုပ်နိုင်ပါ့မလားဆိုတာ သံသယဖြစ်စရာပဲ။ ဘာလို့လဲဆို သူတို့ အဆုံးရှုံး ခံနိုင်ပါ့မလားပေါ့နော်။ လက်ရှိ အခြေအနေမှာတော့ မည့်သည့်နိုင်ငံကမဆို ရင်းနှီးမြုပ်နှံသူတွေ လုပ်ရဲမယ်လို့တော့ မထင်ဘူး” လို့ပြောပါတယ်။

သုတေသီတဦး၏အမြင်ကတော့ “အရှေ့တောင်အာရှမှာလည်း ရုရှားက ထိုးဖောက်ချင်တဲ့သဘောဆန္ဒရှိမယ်။ အမေရိကန်၊ ဂျပန်၊ သြစတြေးလျ၊အိန္ဒိယ ၄ နိုင်ငံ ပါတဲ့ အင်ဒိုပစိဖိတ်ဆိုပြီး လုပ်လာတာရှိတယ်လေ။ အဓိကကတော့ တရုတ်ကိုထိန်းချင်တဲ့ သဘောပေါ့နော်။ အဲ့တော့ ကျနော်ထင်တယ် ရုရှားကလည်း အရှေ့တောင်အာရှကို စိတ်ဝင်စားမှုရှိလာတယ်။ သူစိတ်ဝင်စားတော့ ချဉ်းကပ်ဖို့အတွက် ကြည့်တဲ့အခါ မြန်မာနိုင်ငံကိုပဲ သူတွေ့တယ်လို့ ကျနော်ထင်တယ်။ ဘာလို့လဲဆို လိုလိုလားလားနဲ့အတွင်းကျကျ ပေါင်းသင်းချင်တာက အရှေ့တောင်အာရှမှာ မြန်မာတနိုင်ငံတည်း ရှိမယ်လို့ ကျနော်ထင်တယ်။ အဲ့တော့  ရှရုားက သူ့ အတွက်လည်း အကျိုးစီးပွားရှိမယ်။ မြန်မာအတွက်လည်း အားကိုးစရာက ရှရုားပဲ ကျန်တော့တာပေါ့နော်။ ဒါပေမဲ့ အတိတ်သမိုင်းမှာတော့ မြန်မာနဲ့ ရုရှားက နိုင်ငံရေးအရ၊သံတမန်ရေးအရ၊စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုက မရှိ သလောက်ရှားတယ်။ ဒါပေမဲ့  စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုကတော့ အားကောင်းခဲ့တယ်” လို့ဆိုပါတယ်။

ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ရှရုားနိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှု ပမာဏက အမေရိကန်ဒေါ်လာ ၉၄ သန်းသာရှိတာကြောင့် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နှံမှုရှိတဲ့ နိုင်ငံများစာရင်းမှာ ရှရုားနိုင်ငံက အနည်းဆုံးနိုင်ငံစာရင်းထဲမှာ တခုအပါအဝင်ဖြစ်ပါတယ်။

Photo- MOI

15 mins Ago

August 23, 2020

ရေအားလျှပ်စစ်ထုတ်ယူရေး ကန့်ကွက်နေမှု လူထုကို နားလည်အောင်ရှင်းပြရန် ကာချုပ်ပြော

ရေအားလျှပ်စစ်ထုတ်လို့ရတဲ့နေရာတွေ ကန့်ကွက်ခံနေရတာကြောင့် လူထုကို နားလည်အောင်ရှင်းပြကြဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သား ဆရာဝန်တွေကို မှာကြားလိုက်ပါတယ်။ ဒီနေ့လုပ်တဲ့ ချင်းပြည်နယ်နဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့က ဝေးလံခေါင်ဖျားပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ဒေသတွေက မြို့နယ်၊ တိုက်နယ်ဆေးရုံတွေမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ တပ်မတော်သားဆရာဝန်တွေကို ဂုဏ်ပြုပွဲအခမ်းအနားမှာ ပြောခဲ့တာပါ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ဘယ်လောက်ပဲ စက်မှုနိုင်ငံထူထောင်ဖို့ စိတ်ကူးနေနေ၊ လျှပ်စစ်မရှိရင် ဘာမှ လုပ်လို့မရဘူး။ အခု အစိုးရကနေပြီးတော့ စက်မှုစီမံကိန်းတွေ လုပ်နေတာတွေ ရှိတယ်။ စက်မှု စီမံကိန်းလုပ်တာတော့ ဟုတ်ပြီ။ လျှပ်စစ် ဘယ်ကရမလဲ။ လျှပ်စစ်မရှိရင် ခက်မယ်။ အဲဒီတော့ လျှပ်စစ်ရမယ့် လမ်းကြောင်းတွေ အများကြီးရှိတယ်။ ရေအားလျှပ်စစ်‌တွေရှိတယ်။ ကျောက်မီးသွေးနဲ့ ထုတ်လို့ရတာတွေရှိတယ်။ ဆိုလာရှိတယ် စသည်ဖြင့်။ ဆိုလာကတော့ အရင်းအနှီးများတာပေါ့လေ။  ထုတ်လို့ရတဲ့နေရာကျပြန်တော့လည်း အကြောင်းအမျိုးမျိုးနဲ့ ကန့်ကွက်ခံရတဲ့ အတွက်ကြောင့် လျှပ်စစ်တွေ မထုတ်နိုင်ဘူး။ ဒီအတွက်လည်း တော်တော်ကို အခက်အခဲရှိပါတယ်။ အဲဒီတော့ ဒီကိစ္စတွေ မဖြေရှင်းနိုင်သရွေ့ ကာလပတ်လုံးကတော့ တိုင်းပြည်အတွက် အကျပ်အတည်းရှိနိုင်သေးတယ် ဆိုတာလည်း မင်းတို့ မျှော်မှန်းထားဖို့။ ဒါကြောင့် လူထုကိုလည်း မင်းတို့ (အရာရှိ စစ်သည်ဆရာဝန်တွေကို တိုက်ရိုက်ပြောစကား) နားလည်အောင်ပြောပေးဖို့ လိုပါတယ်” လို့ ပြောပါတယ်။ ဒီလိုကန့်ကွက်တာတွေဟာ နိုင်ငံရေးအစွဲတွေဖြစ်ပြီး တိုင်းပြည်ရဲ့ အနုတ်လက္ခဏာတွေ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။ “မင်းတို့ရောက်တဲ့နေရာတွေမှာ နယ်ပေါင်းစုံမှာ ကိုယ့်အချင်းချင်းလည်း နားလည်အောင် ပြောကြ။ ကိုယ့်ပတ်ဝန်းကျင်ကိုလည်း ပြောကြပါ။ ပြောပြဖို့လိုတယ်။ ဒီလိုပြောပြမှလည်း နားလည်လိမ့်မယ်။ ခုကတော့ တို့က အရင်တုန်းက အစွဲတွေပေါ့လေ။ နိုင်ငံရေးအရ အစွဲတွေနဲ့ ဘာလုပ်လုပ်ကန့်ကွက်နေတဲ့ဟာမျိုး ကြုံနေရတာ သွားတွေ့တယ်။ တိုင်းပြည်ရဲ့ အနုတ်လက္ခဏာတွေပဲ ဖြစ်တယ်။ ဒါကြောင့် ရောက်တဲ့နေရာမှာ ပြောပြပေးပါလို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။ နယ်ပေါင်းစုံမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်မတော်သားအရာရှိ ဆရာဝန် ၄၄ ယောက်ရှိတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။ သူတို့ဟာ တာဝန်ကျရာနေရာတွေမှာ ၂ နှစ်စီ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။
1 year Ago
Up