ဂျပန်နိုင်ငံဟာ တောင်ကိုရီးယား၊ အမေရိကန်တို့နဲ့ ပူးပေါင်းပြီး ဒီကနေ့ပြုလုပ်မယ့် သူတို့ရဲ့ ၃ နိုင်ငံ ရေအောက်တိုက်ပွဲပုံစံ စစ်ရေးလေ့ကျင့်မှုမှာ ၅ နှစ်တာအတွင်း ပထမဆုံးအဖြစ် ပါဝင်သွားမှာဖြစ်ကြောင်း ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ဟိရိုကာ့ဇု မတ်ဆုနိုက စက်တင်ဘာ ၃၀ ရက် တိုကျိုမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“ဒီလိုဆောင်ရွက်မှုတွေနဲ့အတူ နိုင်ငံရဲ့ ကာကွယ်ရေးစွမ်းရည်ကို အခြေခံပြီး အားကောင်းစေအောင်လုပ်ပြီး တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့ လွတ်လပ်ရေးကို ကာကွယ်ဖို့နဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ခိုင်မာတဲ့ ပံ့ပိုးကူညီမှုတွေ လုပ်သွားမှာဖြစ်ကြောင်း” မတ်ဆုနိုက ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ လတ်တလော ဒုံးကျည်စမ်းသပ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေမှုကြောင့် တင်းမာမှုတွေ မြင့်တက်နေချိန်ဖြစ်ပြီး မြောက်ကိုရီးယားဟာ အနာဂတ်မှာလည်း နောက်ထပ် ရန်စတဲ့လုပ်ရပ်တွေ လုပ်မယ့်အလားအလာ ရှိနေတယ်လို့ သူကပြောပါတယ်။
မြောက်ကိုရီးယားရဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ ဂျပန်နိုင်ငံဟာ အမေရိကန်၊ တခြားနိုင်ငံတွေနဲ့ အနီးကပ် ဆက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ သတင်းအချက်အလက် စုဆောင်းဖို့ အစွမ်းကုန် အားထုတ်မှာဖြစ်ပြီး မြောက်ကိုရီးယားကို သတိနဲ့ စောင့်ကြည့်နေမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။
မြောက်ကိုရီးယားဟာ သူ့ရဲ့ အရှေ့ဘက်ကမ်းရိုးတန်းကို ပဲ့ထိန်းဒုံးကျည် ၂ စင်း ပစ်လွှတ်ခဲ့ပြီး နောက်တရက်မှာပဲ ၃ နိုင်ငံ ရေအောက်တိုက်ပွဲပုံစံ စစ်ရေးလေ့ကျင့်မှုကို ကိုရီးယားကျွန်းဆွယ် အရှေ့ဘက်ကမ်းရိုးတန်းရှိ နိုင်ငံတကာရေပိုင်နက်မှာ ကျင်းပမှာဖြစ်ပါတယ်။