close

ရေအောက်မီးတောင်

close

January 17, 2022

တွန်ဂါရေအောက်မီးတောင်ပေါက်ကွဲပြီး ရေလှိုင်းရိုက်ခတ်မှုကြောင့် ပီရူး၌ လူ ၂ ဦးသေဆုံး

ပစိဖိတ်သမုဒ္ဒရာထဲက တွန်ဂါကျွန်းနိုင်ငံရဲ့ ကမ်းလွန်တနေရာမှာ ရေအောက်မီးတောင် ‌ပေါက်ကွဲခဲ့ပြီးနောက် ပီရူးနိုင်ငံမြောက်ဘက် ကမ်းခြေတနေရာမှာ  ရေလှိုင်းတွေတက်ပြီး ရေလှိုင်းရိုက်ခတ်မှုကြောင့်   လူ ၂ ဦး ရေနစ် သေဆုံးခဲ့တယ်လို့ ပီရူးရဲဌာနက အတည်ပြုပါတယ်။

ဆူနာမီစောင့်ကြည့်စင်တာတွေရဲ့ သတင်းပေးပို့ချက်တွေအရ မီးတောင်ပေါက်ကွဲမှု နောက်ဆက်တွဲအဖြစ် တောင်ပိစိဖိတ်နိုင်ငံတွေရဲ့ ကမ်းခြေအတော်များများကို ပုံမှန်မဟုတ်တဲ့ လှိုင်းရိုက်ခတ်မှုတွေ ရှိလာနေပါတယ်။ 

နယူးဇီလန်နဲ့ ဂျပန်တို့မှာ ဆူနာမီကို စိုးရိမ်နေပြီး အစိုးရတွေက ကမ်းခြေနေထိုင်သူ လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာ ယာယီရွှေ့ထားပါတယ်။ 

1 hour Ago

January 16, 2022

ရေအောက်မီးတောင်ပေါက်ကွဲမှုကြောင့် ပစိဖိတ်ကျွန်းနိုင်ငံများ ဆူနာမီသတိပေးချက် ထုတ်ပြန်

ပစိဖိတ်ကျွန်းနိုင်ငံငယ်လေးတွန်ဂါရဲ့ ကမ်းလွန်ဒေသမှာ ဇန်နဝါရီ ၁၅ ရက် ရေအောက်မီးတောင် ပေါက်ကွဲမှုကြောင့် ကြီးမားတဲ့လှိုင်းလုံးတွေ ဖြစ်ခဲ့ပြီး ဂျပန်၊  ဩစတြေးလျနဲ့ တောင်ပစိဖိတ်ကျွန်းနိုင်ငံ အများအပြားမှာ ဆူနာမီ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

တွန်ဂါဟန်ဂါရေအောက်မီးတောင်ဟာ တွန်ဂါမြို့တော် နူကူအလိုဖာရဲ့မြောက်ဘက် ၆၅ ကီလိုမီတာမှာရှိပြီး ဂရင်းနစ်စံတော်ချိန် ၀၄၁၀ နာရီမှာ ပေါက်ကွဲခဲ့တာပါ။ 

မီးတောင်ပေါက်ကွဲမှုဖြစ်ပြီးနောက် ၁ ဒသမ ၂ မီတာမြင့်တဲ့ ဆူနာမီလှိုင်းလုံးတွေ ဖြစ်ခဲ့တယ်လို့ သြစတြေးလျ မိုးလေဝသဌာနက ကြေညာပါတယ်။

အမေရိကန် ဟာဝါရီပြည်နယ် ဟိုနိုလူလူမြို့ရှိ ဆူနာမီသတိပေးစင်တာကလည်း ဝါရှင်တန်ကမ်းခြေ၊ ဆန်ဖရန်စစ္စကို၊ အလက်စကာပြည်နယ်၊ ဟာဝါရီပြည်နယ်တွေနဲ့ ကနေဒါ-ပစိဖိတ်ကမ်းခြေတွေကိုလည်း ဆူနာမီလှိုင်း ရိုက်ခတ်လာနိုင်တယ်လို့ သတိပေး ထားပါတယ်။ 

ဆူနာမီစောင့်ကြည့်စင်တာတွေက တွန်ဂါနဲ့ အမေရိကန်ဆာမိုရာကျွန်းနေရာတွေကို အဓိကထားပြီး ဆူနာမီလှိုင်းတွေကို စောင့်ကြည့်နေကြပါတယ်။

1 day Ago
Up